မန္တလေး ၂၈ ဇန်နဝါရီ
မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ယာတိုက်ခန်းများကို မဲပေါက်ပြီး လာမယူသူများအား Black List စာရင်း သွင်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
တန်ဖိုးမျှတအိမ်ယာဝယ်ယူခွင့် လျှောက်ထားသူ တစ်သောင်းကျော်ရှိပြီး တန်ဖိုးမျှတ အိမ်ယာ တိုက်ခန်းပေါင်း ၆၇၂ ခန်းကို ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက မဲနှိုက်ချထားပေးခဲ့သည်။
“တချို့ လာပြီးတော့မယူဘဲနဲ့ မဝယ်တော့ပဲနဲ့ ဒီတိုင်းနေတဲ့သူတွေလဲ ရှိတယ်။ ပိုက်ဆံလဲမသွင်းဘူး၊ တကယ်နေဖို့ထက် မြတ်ရင်ရောင်းစားဖို့ ဝင်ပြီးတော့ ကံစမ်းတဲ့သဘောနဲ့တူပါတယ်။ တစ်ချို့အပေါ်ထပ်တွေဘာတွေရတော့ သူတို့မျှော်မှန်းသလောက် အမြတ်မရလို့ ဖြစ်မှာပေါ့။ ကံစမ်းပြီးတော့ ဘာမှအကြောင်းမကြား ပစ်ထားတဲ့သူတွေကိုတော့ blacklist သဘောမျိုးသွင်းမယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဦးကျော်ဆန်းမြင့်က ပြောသည်။
မဲနှိုက်ချထားပေးသည့် တိုက်ခန်း ၆၇၂ ခန်းတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ ပြန်အပ်သည့် တိုက်ခန်း ၁၈ ခန်း၊ လက်ငင်းငွေချေသည့် တိုက်ခန်း ၄၉ ခန်း၊ ဘဏ်ချေးငွေဖြင့်ဆောင်ရွက်သည့် တိုက်ခန်း ၃၈၄ ခန်း ရှိပြီး မည်သည့်စနစ်ဖြင့်ဆောင်ရွက်မည်ဆိုတာ မဆက်သွယ်သေးသည့် တိုက်ခန်း ၂၂၁ ခန်းရှိကြောင်းသိရသည်။
ဒုတိယအကြိမ်မဲနှိုက်ချိန်တွင် အဆိုပါ ကျန်ရှိနေသည့် တိုက်ခန်းများအား ပြန်လည်မဲနှိုက်ချထား ပေးမည်ဖြစ်ကြောင်းသိရသည်။
အိမို့မို့ခိုင်