မန္တလေး ၅ ဇွန်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ ၂၀၁၈ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ (၃) နှစ်တာ ကာလအတွင်း တိုက်ခန်းပေါင်း(၁၈၀၀) အား နိုင်ငံဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ပုဂ္ဂလိကဝန်ထမ်းနှင့်ပြည်သူများအား ရောင်းချပေးနိုင်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန မှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ဆောက်လုပ်ကာ ၂၀၁၈ ခုနှစ်တွင် တိုက် (၂၁) လုံးမှ တိုက်ခန်း(၆၇၂)ခန်း၊ ၂၀၁၉ ခုနှစ်တွင် တိုက်(၁၉)လုံး မှ တိုက်ခန်း(၅၄၂)ခန်းနှင့် ၂၀၂၀ ပြည်နှစ်တွင် တိုက်(၂၁)မှ တိုက်ခန်းပေါင်း(၅၈၆) ခန်း စုစုပေါင်း တိုက်ခန်း(၁၈၀၀)လုံး ရောင်းချပေးခဲ့ကြောင်း သိရသည်။
တိုက်ခန်းများကို ပွင့်လင်းမြင်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး တိုက်ခန်းနေရာများအား မဲစနစ်ဖြင့် နေရာချထားပေးခဲ့ကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် တတိယအကြိမ်မြောက် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဆောက်လုပ် ပြီးစီးသော တိုက်ခန်းများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ထပ်မံရောင်းချပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန မှ ဌာနခွဲမှူး ဦးစိုးမင်းသိန်း က ပြောကြားသည်။
တိုက်ခန်း ဈေးနှုန်းများအနေဖြင့် ကုန်သွယ်ခွန်(၃)ရာခိုင်နှုန်းအပါအဝင် မြေညီထပ် တစ်ခန်းလျှင် ငွေကျပ်(၂၈၈.၄)သိန်း၊ ပထမ ထပ်တစ်ခန်း လျှင်(၂၅၇.၅)သိန်း၊ ဒုတိယထပ် တစ်ခန်း လျှင်(၂၃၁.၇၅)သိန်း၊ တတိယ ထပ်တစ်ခန်းလျှင်(၂၁၁.၁၅)သိန်း၊ စတုတ္ထထပ် တစ်ခန်း လျှင်(၁၉၅.၇)သိန်းနှင့် အပေါ်ဆုံးထပ် တစ်ခန်းလျှင် ငွေကျပ်(၁၈၀.၂၅)သိန်း ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ် တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၆၆၁ စတုရန်းပေရှိ တိုက်ခန်းပေါင်း(၃၃၆၀) ဆောက်လုပ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများမှ ဆောက်လုပ်ပြီးခဲ့သော တိုက်ခန်းများကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအား စတင်ရောင်းချပေးခဲ့ပြီး ယခုနှစ်တွင် ပုဂ္ဂလိဝန်ထမ်းနှင့် ပြည်သူများအပါအဝင် တိုက်ခန်းပေါင်း (၁၈၀၀) အားရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


