ရန်ကုန် ၈ ဇူလိုင်

 

 

တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကကို ထိန်းသိမ်းစောင့်ရှောက်ပြီး ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းသည့် တိုင်းရင်းသားရိုးရာအကပွဲတော်ကို အခြေခံသည့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနိုင်ရန်အတွက် ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ သင်တန်းများအနက် အဆင့်မြင့် ဇာတ်ညွှန်းရေးသားနည်း သင်တန်းကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ အမှတ်(၄၅၇/အေ)ရှိ SFCG ရုံးတွင် ကျင်းပသည်။

 

 

အဆိုပါ သင်တန်းတွင် Yangon Film School မှ ဇာတ်ညွှန်းရေးဆရာ ဒေါက်တာ အောင်မင်းက ဇာတ်ညွှန်းရေးသားနည်းစနစ်ကို မြန်မာ့ရုပ်မြင်သံကြားမှ ဝန်ထမ်း(၆)ဦးတို့အား (၁)လခွဲကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်သည်။

 

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် Search for Common Ground (SFCG) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုအသီးသီး၏ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ ကွဲပြားခြားနားမှုကို နားလည်သဘောပေါက် လက်ခံကာ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်တည်ဆောက်နိုင်ရေးအတွက် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လုပ်မည်ဖြစ်ရာ ၎င်းရုပ်သံစီးရီးများကို ဒါရိုက်တာ ကြည်ဖြူသျှင်က ဦးဆောင်ရိုက်ကူးမည်ဖြစ်ပြီး ဝါရင့်ဇာတ်ညွှန်းရေးဆရာ ဒေါက်တာအောင်မင်းက ဇာတ်ညွှန်း ရေးသားနည်းကို အနီးကပ် သင်ကြားပို့ချပေးမည် ဖြစ်သည်။

 

 

SFCG သည် ဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သော၊ ဘက်လိုက်ခြင်းကင်းသော၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး ၁၉၈၂ - ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ SFCG ၏ ရုံးချုပ်မှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် တည်ရှိပြီး ဥရောပအခြေစိုက်ရုံးမှာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်စ်ဆဲလ်မြို့တွင် တည်ရှိကြောင်း၊ SFCG သည် ၂၀၁၄ ခုနှစ်မှစ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယိုနှင့် ပူးပေါင်း၍ “တွေးကြ ခေါ်ကြ ပြောင်းလဲကြ” အစီအစဉ်(၁၂)ပိုင်း ထုတ်လုပ်ခဲပြီး မြန်မာ့အသံမှ ၂၀၁၇ - ခုနှစ်တွင် ဇန်နဝါရီ (၂၁)ရက်မှ ဧပြီ(၈)ရက်အထိ ထုတ်လွှင့်ခဲ့ကြောင်း၊ မြန်မာ့အသံရေဒီယိုနှင့် ပူးပေါင်း၍ “လူငယ်နှင့် မူးယစ်ဆေးဝါး” အစီအစဉ်(၁၂)ပိုင်းကိုလည်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ(၁၄)ရက်မှစ၍ ထုတ်လွှင့်ခဲ့ကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁၃) ရက်မှ နိုဝင်ဘာ(၄)ရက်နေ့အထိ “အပ်ဖျားတစ်ထောက်” မူးယစ်အသိပညာပေး ဇာတ်လမ်းကို ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။   

 

 

သတင်းစဉ်