တစ်နေ့တာမှာ စားလိုက်တဲ့အစားအစာတွေက အာဟာရဖြစ်ရဲ့လားလို့တွေးမိဖူးလား။ တစ်နေ့တာမှာ စားလိုက် တဲ့ အစားအစာတိုင်းက အာဟာရမဖြစ်ပါဘူး။ ကြိုက်လို့ဆိုပြီး နေ့တိုင်းလိုလိုစားမိနေတဲ့ အချို့အစားအစာတွေက လူ့သက်တမ်းကိုတောင် တိုစေနိုင်ပါတယ်။ ဒီအစားအစာတွေကို ကိုယ်တိုင်လည်း စားမိနေနိုင်တာကြောင့် သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေး ပါရစေ။
မသိမသာနဲ့ လူ့သက်တမ်းကိုလျော့စေနိုင်တဲ့ အစားအသောက်တွေက ဘာတွေများလဲ
အာလူးကြော်
အကြာကြီးကြော်ထားတဲ့ အစားအသောက်တွေမှာ acrylamide လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီဓါတ်က အာလူးကြော်မှာလည်း ပါပါတယ်။ ဒီဓါတ်တွေကို နေ့စဉ်နဲ့အမျှစားမိတဲ့အခါ အူမကြီး ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အာလူးကြော်ကို ကြိုက်ရင်တောင် အိမ်မှာပဲ ကြော်စားပေးပါ။
Hot Dogs
တာရှည်ခံပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် တကယ်ကိုမညီညွတ်တဲ့ အစားအစာတစ်ခုပါ။ Hot dogs ကိုစားသုံးတာက ဆေးလိပ်သောက်သလိုပဲ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ အငန်ကဲတာနဲ့ တာရှည်ခံ ပစ္စည်းပါဝင်တာကြောင့် Hot dogs စားသုံးမှုက ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
မာဂျရင်း
မနက်ခင်းတိုင်း ပေါင်မုန့်ကို မာဂျရင်းလေးသုတ်ပြီး စားရတာကိုသဘောကျနေလား။ ဒါကတကယ်ရော ကျန်းမာရေးအတွက် ကောင်းရဲ့လား။ မာဂျရင်းမှာ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ အသွင်ပြောင်းအဆီတွေ ပါဝင်နေတာကြောင့် သွေးတွင်းကို လက်စထရောကိုများစေနိုင်သလို သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
သကြား
ချိုချိုလေးမှ ကြိုက်တယ်ဆိုတဲ့သူတွေသတိထားပါ။ အချိုဓါတ်က လူကို စွဲလမ်းစေတတ်သလို သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချို၊ကင်ဆာ၊ အဝလွန်၊ နှလုံးရောဂါတွေကနေ ကင်းဝေးစေဖို့ အချိုတွေကိုလျှော့စားဖို့ပြောပါရစေ။ သကြားအစား သဘာဝ ပျားရည်စစ်စစ်ကို အစားထိုး စားသုံးပေးလို့ရပါတယ်။
အချိုရည်တွေ
အချိုရည်တွေက ကျန်းမာရေးကို အထိခိုက်စေနိုင်ဆုံးအရာတွေထဲက တစ်ခုပါ။ အရေပြား၊ သွေးတွင်း သကြားဓာတ်၊ ဟော်မုန်းပမာဏနဲ့ စိတ်ခံစားမှုတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတာပါ။ အချိုရည် တွေက သကြားဓါတ်ပါဝင်မှုများသလို တာရှည်ခံပစ္စည်းတွေလည်းပါဝင်နေတာကြောင့် ကျန်းမာရေး အတွက် ကောင်းကျိုး မရှိသလောက်ပါပဲ။ ဒါကြောင့် ကိုယ်တိုင်သစ်သီးကို လတ်လတ်ဆတ်ဆတ် ကြိတ်ပြီးသောက်ဖို့ ပြောပါရစေ။
အစားအသောက်တိုင်းက ကျန်းမာရေးကို ထိခိုက်စေတာမဟုတ်ပေမယ့် တာရှည်ခံပစ္စည်းတွေ၊ အချိုပမာဏကဲတာတွေနဲ့ အခြားသော အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်တွေပါဝင်နေတာကြောင့် ကျန်းမာရေးကို ထိခိုက်စေတာပါ။ ဒါကြောင့် ကိုယ်စားသုံးလိုက်တဲ့ အစားအသောက်တွေက ခန္ဓါကိုယ်ကို ထိခိုက်တာမျိုး မဖြစ်စေဖို့ အစားအသောက်တွေကိုစားသုံးတဲ့အခါ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာကို သေချာဖတ်ကြည့်ပြီး ရွေးစေချင်ပါတယ်။ ဘေးကင်းတဲ့ စားသောက်မှု ပုံစံကို မွေးမြူကြဖို့ တိုက်တွန်းချင်ပါတယ်။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”