မကွေး  ၁၇  ဇန်နဝါရီ

 

မြသလွန်စေတီတော်ဗုဒ္ဓဝေယျာဝစ္စ အသင်းသားများစုပေါင်း၍ မြသလွန်စေတီတော်မြတ်ကြီးအား မီးပုံးပျံအလုံးရေ(၅၀ဝ) လွှတ်တင်ပူဇော်မှုကို ဘုရားခြေတော်ရင်း သဲသောင်ပြင်၌ ဇန်နဝါရီ(၁၇)ရက်နေ့ ညနေ ၆နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဇန်နဝါရီ(၇)ရက်နေ့တွင် မြသလွန်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း၊ ဇန်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင်  သံဃာတော်(၁၀၈)ပါးဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းများ လုပ်ဆောင်နိုင်ခဲ့သည့် အောင်ပွဲအထိမ်းအမှတ်အဖြစ် မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်းဖြစ်သည်။

 

“ဗုဒ္ဓဝေယျာဝစ္စအသင်း ၁၅ သင်းနဲ့ ကုသိုလ်ပြုလိုတဲ့လူငယ်တွေ စုပေါင်းပြီး ခုလို အောင်ပွဲအထိမ်းအမှတ် ပူဇော်မှုတွေလုပ်ခဲ့တာပါ။ အသင်းတွေက သူတို့ရန်ပုံငွေနဲ့သူတို့ စုပေါင်းပြီးပူဇော်ကြတာပါ။ ခွင့်ပြုချက်လာတောင်းလို့ တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး ခွင့်ပြုပေးခဲ့ပါတယ်” ဟု မြသလွန်ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးအေးကျော်က ပြောပြသည်။

 

ဆီမီးကိုးထောင်ပူဇော်လေ့ရှိသည့် မြသလွန်စေတီတော်၏ မြစ်ကမ်းဘက်အခြမ်းနှင့် ဧရာဝတီမြစ်ရေစပ်၊ ရေတိမ်ပိုင်းကို ဝါးတံတားဖြင့်ဖြတ်ကူးကာသွားရသည့် အကြော်တဲများရှိရာ သဲသောင်ပြင်တွင် မီးပုံးပျံများကိုလွှတ်တင်ခဲ့ကြပြီး လူဦးရေထောင်နှင့်ချီ၍ လာရောက်ပူဇော်ဖူးမြော်မှုများ ပြုလုပ်ခဲ့ကြသည်။

 

လွှတ်တင်သည့် မီးပုံးပျံများမှ မီးစာများပြုတ်ကျခဲ့ပါက လူနေရပ်ကွက်များနှင့် သာသနိကအဆောက်အဦများကို မီးဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် မီးသတ်တပ်ဖွဲ့များမှ နေရာအနှံ့တာဝန်ယူဆောင်ရွက်ပေးခဲ့ကြကြောင်း ဂေါပကအဖွဲ့မှ သိရှိရသည်။

 

ဇေယျတု(မကွေး)