နေပြည်တော် ၂၄ ဇန်နဝါရီ 


ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မှတ်ပုံတင်ယာဉ်မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်စစ်ရက်ချိန်းရယူခြင်း (Online Booking System) ကို ကျင့်သုံးလျက်ရှိရာ  မသမာသူများ မမှန်မကန်ပြုလုပ် ငွေကြေးတောင်းခံမှုများ ရှိနေသည့်အတွက် အဆိုပါ Online စနစ်ကို ဇန်နဝါရီ ၂၃ ရက်မှစ၍ ဖျက်သိမ်းထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရသည်။


Online Booking စနစ်ကျင့်သုံးရာတွင် မသမာသူ လူတစ်စုက မမှန်မကန်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အမှန်တကယ် မရှိသည့် ယာဉ်အမှတ်များအား ကြိုတင်စာရင်းပေးသွင်းထားပြီး ဌာနမှ ခွင့်ပြုယာဉ်စီးရေ ပြည့်သွားချိန်တွင် အမှန်တကယ် စစ်ဆေးလိုသော ယာဉ်ပိုင်ရှင်များထံမှ အခကြေးငွေ တောင်းခံရယူ၍ ၎င်းတို့ကြိုတင် Booking လုပ်ထားသည့် နေရာတွင် အမှန်တကယ် ယာဉ်စစ်ဆေးလိုသည့် ယာဉ်အမှတ်များကို အစားထိုးပြောင်းလဲကာ ရက်ချိန်းရယူပေးနေသည်ကို တွေ့ရှိရသဖြင့် အဆိုပါ Online စနစ်ကို ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း သိရသည်။ 


Online Booking System စနစ်အား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်ရုံးအသီးသီးတွင် (၂၀-၈-၂၀၁၈) ရက်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် (၁-၁၀-၂၀၁၈) ရက်မှစ၍ စတင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


Online စနစ် စတင်ကျင့်သုံးချိန်တွင် လုပ်ငန်းဆောင်ရွက်သူများအား အဆင်ပြေ ချောမွေ့စွာ ဝန်ဆောင်မှု ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကြိုတင်ရက်ချိန်း ရယူထားသည့် ယာဉ်စီးရေ (၆၀) ရာခိုင်နှုန်းခန့်ကသာ အမှန်တကယ် လုပ်ငန်းလာရောက် ဆောင်ရွက်ပြီး ကျန် (၄၀) ရာခိုင်နှုန်းမှာ လာရောက်ဆောင်ရွက်ခြင်းမရှိဘဲ ရက်ချိန်များ ရယူထားသဖြင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသူများအတွက် နစ်နာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ 


အဆိုပါ ဖြစ်စဉ်များ ရှိနေသဖြင့် မသမာသူများ မမှန်မကန် ငွေကြေးတောင်းခံမှုများ မပြုလုပ်နိုင်ရန်နှင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူ ပြည်သူများ အဆင်ပြေစေရန်အတွက် ယာဉ်စစ်ရက်ချိန်းရယူခြင်း Online စနစ်ကို ဇန်နဝါရီ ၂၃ ရက်မှစ၍ ဖျက်သိမ်းထားကြောင်းနှင့် ယာဉ်စစ် ရက်ချိန်းရယူထားသူများ အနေဖြင့် ရက်ချိန်းပြန်လည်ပယ်ဖျက်ပေးမည် မဟုတ်ဘဲ ပျက်ကွက်မှု ရှိပါက ၂ လအတွင်း နောက်ထပ်ရက်ချိန်း ရယူ၍မရအောင် ပိတ်တားစာရင်းသွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။   

ဟန်လင်းနိုင်