တောင်ကြီး ဇူလိုင် ၁၈
ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ကြိုးပမ်းဆောင်ရွက်
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က MSME လုပ်ငန်းများကို တစ်နေရာတည်း၌ ဝန်ဆောင်မှုပေးသည့် One Stop Service Center ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများရုံးဟောင်း၌ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက MSME လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)


