နေပြည်တော် ၂၁ ဇွန်
MSME များ ချေးငွေရရှိရေးအတွက် ဖြေလျှော့မှုများပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော်စည်ပင်သာယာရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ ပြင်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဥပဒေ၊ မူဝါဒများချမှတ်ပြီး အကောင်အထည် ဖော်သည့်နေရာတွင် အခြေခံမူ(၈)ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME များအတွက် JICA SME Two Step Loan ချေးငွေ၊ Credit Guarantee Insurance (CGI) ချေးငွေ၊ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးသည့် SME ချေးငွေ၊ ဂျာမနီဖွံ့ဖြိုးရေး ဘဏ်မှထောက်ပံ့သည့် KFW ချေးငွေနှင့် ဒိန်းမတ်နိုင်ငံမှ တာဝန်ယူမှုရှိသည့် မြန်မာ SME လုပ်ငန်းများကို အထောက်အပံ့ပေးသည့် Responsible Business Fund (RBF)တို့မှ ထုတ်ချေးပေးလျက်ရှိကြောင်း။
ထို့ပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ရာသီ နှစ်ချင်းဆပ်ချေးငွေနှင့် JICA Agricultural Production Two Step Loan များ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးလျက် ရှိသည့် ချေးငွေအမျိုးအစား များစွာရှိသော်လည်း ဘဏ်ချေးငွေလျှောက်ထားရာတွင် အပေါင်ပစ္စည်း မတင်ပြနိုင်ခြင်း၊ ဘဏ်ကတောင်းဆိုသည့် စာရွက်စာတမ်း အထောက် အထားများကို ပြည့်စုံစွာ မတင်ပြနိုင်ခြင်းနှင့် ချေးငွေပမာဏ လုံလောက်မှု မရှိခြင်းစသည့် အခက်အခဲပေါင်းများစွာကို MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များ ကြုံတွေ့နေရပါကြောင်း၊ စက်မှုဝန်ကြီးဌာနတွင် SME Member ဝင် ရောက်ပြီးသည့် လုပ်ငန်းအရေအတွက် စုစုပေါင်း(၇၃၀၈၅)ခု ရှိသော်လည်း လုပ်ငန်းရှင် (၂၂၀၇)ဦးကိုသာ ချေးငွေထုတ်ချေးပေးနိုင်ခဲ့သဖြင့် ချေးငွေရရှိထားသည့် အရေအတွက် သည် လွန်စွာ နည်းပါးနေသည်ကို စိစစ်တွေ့ရှိရကြောင်း။
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရရှိနိုင်ရေးအတွက် သတ်မှတ်ထားသည့် ဘဏ်များ၏ ငွေရေးကြေးရေး စည်းမျဉ်း စည်းကမ်းများကို မည့်သည့်နည်းလမ်းဖြင့် လျှော့ပေါ့ပေးနိုင်မည့် အခြေအနေတို့ကို သက်ဆိုင်ရာဌာနများနှင့် ဘဏ်များမှဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့အား ဆွေးနွေးပေးပါရန်၊ MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ အပါအဝင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို မည်သို့ ဝိုင်းဝန်းကူညီဖြည့်ဆည်း ပေးနိုင်မည်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးပါရန်နှင့် ယခုအစည်း အဝေးမှအကျိုးရှိ ထိရောက်မည့်လက်တွေ့ကျသော Action Plan ၊ Time Line ၊ Schedule များထွက်ပေါ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ပုဂ္ဂိုလ် များက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ဘဏ္ဍာ ငွေကြေး အထောက်အပံ့ လွယ်လင့်တကူရရှိရေးအတွက် စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးနိုင်မည့်အခြေအနေ၊ လုပ်ငန်းရှင်များကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးမည့် နည်းလမ်းများကို ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားသည်။
(သတင်းစဉ်)