သုတဇော် (MSME)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြောင်းလဲနေသော ခေတ်စနစ်နှင့်အညီ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကဏ္ဍများ၏ တိုးတက်ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဋ္ဌာန်းပြီးသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ
ထို့သို့ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာတွင် စက်မှုဝန်ကြီးဌာနအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း၊ ဥပဒေကို ၂၀၁၅ ခုနှစ် ဧပြီလတွင် လည်းကောင်း၊ နည်းဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသတွင်း စီးပွားရေး ကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်မှု စွမ်းရည်ကောင်များ မြင့်မားလာပြီး နိုင်ငံသားများ၏အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးများ ရရှိရန်အတွက် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ နောက်ခံသမိုင်းအကျဉ်း
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန ဖွဲ့စည်းခဲ့မှု အကြောင်းကို အကျဉ်းအားဖြင့် တင်ပြချင်ပါသည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေးဆောင်ရွက်ရာတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကမောင်းနှင်အား တစ်ခုဖြစ်သည့်အတွက် ကာလတို၊ ကာလရှည် မျှော်မှန်းချက်များဖြင့် စနစ်တကျ ဆောင်ရွက်သွားရန် ၂၀၁၂ ခုနှစ် ဧပြီ ၄ ရက်မှစ၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်စေရန် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို မူဝါဒနှင့်ပြည်ပ ရေးရာဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေး ဌာနခွဲ သုံးခုဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနလက်အောက်သို့ သွတ်သွင်းလျက် နေပြည်တော် ကောင်စီနယ်မြေ/တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ရုံးနှင့် ခရိုင်ရုံးခွဲ ၃၅ ရုံးဖြင့် ဖွဲ့စည်းခဲ့သည်။ 

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အဖွဲ့များသည် Small နှင့် Medium Enterprises လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သာမက Micro Enterprises လုပ်ငန်းများကိုလည်း လက်တွဲခေါ်ယူ၍ နည်းပညာလွှဲပြောင်းပေးခြင်း၊ Trade Fair များတွင် ဖိတ်ခေါ်ပြသခြင်း၊ ဒေသတွင်း ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်၍ဆုများ ချီးမြှင့်ပေးခြင်း၊ Micro လုပ်ငန်းများမှ Small နှင့် Medium လုပ်ငန်းများအဖြစ် တိုးတက်ရောက်ရှိရန် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ထိုအဖွဲ့အစည်းများတွင် Micro လုပ်ငန်းများပါ ထည့်သွင်း သုံးစွဲခွင့်ပြုမှုအရ ၂၀၁၈ ခုနှစ်တွင် Micro, Small and Medium Enterprises (MSME)-အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများလို ခေါ်ဝေါ်သုံးစွဲလာခြင်းဖြစ်သည်။

ယခုအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ရုံးနှင့် ခရိုင်ရုံးခွဲ ၄၀ အထိ တိုးချဲ့ဖွဲ့စည်း၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ 

MSME ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်မှုများ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အေဂျင်စီ၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အစည်းအဝေးများ ဆောင်ရွက်ခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ MSME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေများအရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ ရေးဆွဲခြင်း၊ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ASEAN Coordinating Committee on Micro, Small and Medium Enterprise - ACCMSME) ဆိုင်ရာကိစ္စရပ်များကိုပါဝင်ဆောင်ရွက်ခြင်းနှင့် MSME နှင့် ပတ်သက်သော သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ အာဆီယံနိုင်ငံများမှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ MSME ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ညှိနှိုင်းပေးခြင်း၊ ပြည်ပအဖွဲ့အစည်းများ၏ မေးမြန်းချက်များ၊ ပူးပေါင်းဆောင်ရွက် လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်းဆွေးနွေးပြီး ရလဒ်များကိုတင်ပြ၍ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ခြင်း၊ MSME ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ Project, Training, Seminar ကျင်းပရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ MSME များလိုအပ်သော လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် သင်တန်းများပေးခြင်း၊ နည်းပညာများပေးခြင်း၊ E-Market Platform များ ထူထောင်ပေးခြင်း၊ International Supply Chain အတွင်း ဝင်ရောက်နိုင်အောင် ပံ့ပိုးပေးခြင်း၊ SME Member ကတ်များထုတ်ပေးခြင်း၊ MSME များ ငွေကြေးအရင်းအနှီး လွယ်ကူသက်သာစွာ ရရှိနိုင်ရေးအတွက် ချေးငွေဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် ညှိနှိုင်းချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ 

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် စီမံကိန်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည့် မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ နှီးနှောဖလှယ်ပွဲ” (Seminar On Innovation and Young Entrepreneurship for Regional Development) အကြောင်းကို ထုတ်နုတ်တင်ပြ လိုပါသည်။    

ပထမအကြိမ်နှီးနှောဖလှယ်ပွဲ

ပထမအကြိမ်နှီးနှောဖလှယ်ပွဲကို Mekong-Lancang Coopreation Special Fund ၂၀၁၈ ဒုတိယအသုတ်အရ “Seminar On Innovation and Young Entrepreneurship for Regional Development” ကို အာဆီယံဒေသတွင်း လူငယ်စွန့်ဦးတီထွင်သူများအကြား ဆွေးနွေးပွဲများမှ တစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ကိစ္စရပ်များ သိရှိနိုင်ရန်၊ ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ လူငယ်စွန့်ဦးတီထွင်သူများအချင်းချင်း ချိတ်ဆက်မိစေရန်၊ မဲခေါင်- လျန်ချန်းဒေသတွင်း နိုင်ငံများ၏ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအချင်းချင်း အသိပညာဝေငှနိုင်ရန်၊ E-market place ကဲ့သို့သော နည်းပညာများကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဈေးကွက်ကို လွယ်ကူလျင်မြန်စွာချိတ်ဆက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မဲခေါင်ဒေသတွင်းရှိ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် နိုင်ငံအသီးသီးတို့ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် ၁၀၀ ခန့် ပါဝင်ရောက်ခဲ့သည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် သြဂုတ်၂၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေပြည်တော် Park Royal Hotel နှင့် ပုဂံမြို့တို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ဆန်းသစ်တီထွင်မှု အမျိုးအစားအနက်မှ လူစွမ်းအား အရင်းအမြစ်ကို ဦးတည်သော ဆန်းသစ်တီထွင်မှု (Human Centered Innovation) များ ဆောင်ရွက် နိုင်ရေးနှင့် MSME များ ဒစ်ဂျစ်တယ်စနစ်ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးတို့ကို စာတွေ့လက်တွေ့ သင်ကြား ဆွေးနွေးခဲ့ကြပါသည်။ ဆန်းသစ်တီထွင်မှု အမျိုးအစား ၁၀ မျိုးအနက် ပထမအကြိမ် ဆွေးနွေးပွဲတွင် အမြတ်ပုံစံ (Profit Model)၊ ကွန်ရက် (Network)၊ ဖွဲ့စည်းပုံ (Structure)၊ လုပ်ငန်းစဉ် (Process)၊ ထုတ်လုပ်မှုစွမ်းရည် (Product Performance)၊ ထုတ်ကုန်စနစ် (Product System) စသည့် ခြောက်မျိုးနှင့် စပ်လျဉ်းသည့် အကြောင်းများ ဆွေးနွေးသင်ကြားပေးခဲ့သည့်အပြင် တက်ရောက်လာသည့် မဲခေါင်ဒေသတွင်းရှိ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံမြို့ရှိ အထင်ကရနေရာများနှင့် MSME လုပ်ငန်းများသို့ လေ့လာနိုင်ရန်အတွက် လေ့လာရေး ခရီးစဉ်ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ဒုတိယအကြိမ်နှီးနှောဖလှယ်ပွဲ

ဆက်လက်၍ ဒုတိယအကြိမ် နှီးနှောဖလှယ်ပွဲကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းဖြင့်ဆောင်ရွက်မည့် လူငယ်စွန့်ဦးတီထွင် ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်း ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဒေသတွင်းနှီးနှောဖလှယ်ပွဲကို Hybrid စနစ်ဖြင့် ၂၂-၇-၂၀၂၂ ရက်မှ ၂၄-၇-၂၀၂၂ ရက်အထိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မဲခေါင်ဒေသမှ လူငယ်လုပ်ငန်းရှင် ၁၆ ဦးမှာ Virtual (online)ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှ လူငယ်လုပ်ငန်းရှင် ၃၀၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ကိုယ်စားလှယ် ၃၉ ဦး စုစုပေါင်း ၆၉ ဦးတို့မှာ Physical ဖြင့် တက်ရောက်ခဲ့ကြသည်။

ဝန်ဆောင်မှု (Service)၊ ကုန်ပစ္စည်းဖြန့်ချိရေးလမ်းကြောင်း (Marketing Channel)၊ ကုန်အမှတ် တံဆိပ် (Brand)၊ ဝယ်ယူသူနှင့် ချိတ်ဆက်မှု (Customer Engagement) တို့မျိုးနှင့် ပတ်သက်သည့် အကြောင်းအရာများကို စီးပွားရေးကျွမ်းကျင် ပညာရှင်များက ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

 တတိယအကြိမ်နှီးနှောဖလှယ်ပွဲ

ဒုတိယအသုတ် ၂၀၁၈ ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် တတိယအကြိမ်မြောက် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲ “Hybrid Seminar on Innovation & Young Entrepren-eurship for Regional Development & Product Show” အခမ်းအနားကို ၂၆-၁၁-၂၀၂၂ ရက်မှ ၂၈-၁၁-၂၀၂၂ ရက်အထိ နေပြည်တော်ရှိ Grand Aster Villa ၌ ကျင်းပပြုလုပ်ပေးခဲ့ရာ ဒေသအသီးသီးရှိ MSME လုပ်ငန်းရှင် ၁၀၅ တို့က အကောင်းဆုံး ပြခန်းဆုရရှိရန် မိမိတို့ ထုတ်ကုန်ပစ္စည်းများကို ယှဉ်ပြိုင်ရောင်းချပေးခဲ့ကြသည်။ နှီးနှောဖလှယ်ပွဲသို့ မဲခေါင်ဒေသမှ ကိုယ်စားလှယ် ၁၅ ဦးက Virtual ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှ ကိုယ်စားလှယ်များ၊ MSME ဌာနက တာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှအရာထမ်း ၁၀၇ ဦးသည် in-person ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြ သည်။ 

နှီးနှောဖလှယ်ပွဲတွင် ဆန်းသစ်တီထွင်မှု အမျိုးအစားများဖြစ်သည့် အမြတ်ပုံစံ၊ ကွန်ရက်၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်၊ ထုတ်လုပ်မှုစွမ်းရည်၊ ထုတ်ကုန်စနစ်၊ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းဖြန့်ချိရေးလမ်းကြောင်း၊ ကုန်အမှတ်တံဆိပ်၊ ဝယ်ယူသူနှင့် ချိတ်ဆက်မှုများကို သင်ယူခဲ့ပြီးဖြစ်သည့် လုပ်ငန်းရှင်များက မိမိတို့ တီထွင်ထုတ်လုပ်ထားသည့် ထုတ်ကုန်များနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြရာတွင် စီးပွားရေး ကျွမ်းကျင်ပညာရှင်များကပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးကြသည်။ စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ၊ ကိုယ်တိုင်စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စီးပွားရေးဆိုင်ရာ လိုက်နာကျင့်သုံးသင့်သည် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အသိပညာများနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အသိပညာများကို ဆွေးနွေးပြောကြားခဲ့သည်။ နှီးနှောဖလှယ်ပွဲ နောက်ဆုံးနေတွင် ပြခန်းပြသခဲ့သည့် MSME လုပ်ငန်းရှင်များထဲမှ ပြခန်းအကောင်းဆုံးဆု ငါးဆုကိုလည်းကောင်း၊ ထုတ်ကုန်များအကြောင်း တင်ဆက်ပြသည့် MSME လုပ်ငန်းရှင်များထဲမှ တင်ဆက်ပြသမှုအကောင်းဆုံးဆုတစ်ဆု၊ ဒုတိယ အကောင်းဆုံးဆုတစ်ဆု၊ တတိယ အကောင်းဆုံးဆု တစ်ဆုနှင့်နှစ်သိမ့်ဆုနှစ်ဆုကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။

ရရှိခဲ့သောအကျိုးကျေးဇူးများ

ဤစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် MSME လုပ်ငန်းရှင်များသည် မဲခေါင်-လန်ချန်းဒေသမှ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအကြား စွန့်ဦးတီထွင်ဆိုင်ရာ ကိစ္စရပ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကိစ္စရပ်များ သိမြင်လာမှု၊ မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများ၏ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအချင်းချင်း အသိပညာဝေမျှနိုင်လာမှု၊ ဆန်းသစ်သောတီထွင်မှုများကို အသုံးပြုလာခြင်းဖြင့် လူသားတို့၏ဘဝကို မြှင့်တင်ပေးနိုင်သော အခွင့်အလမ်းများတွေ့ရှိလာမှု စားသုံးသူတို့၏ သဘောသဘာဝနှင့်စိတ်ကျေနပ်မှုရစေသည့် အချက်များ ကိုသိရှိနားလည်လာမှု၊ MSME လုပ်ငန်းရှင်များ အချင်းချင်း တီထွင်ဆန်းသစ်မှုဆိုင်ရာ အသိပညာများ ဖလှယ်လာနိုင်မှုနှင့် စီးပွားရေးကွန်ရက်တွင် ပိုမိုချိတ်ဆက်လာနိုင်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် ဆန်းသစ်တီထွင်မှု၏ သဘောသဘာဝကို ပိုမိုထင်ရှားစွာ သိရှိလာပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မျှဝေနိုင်မှုများကို နက်နက်နဲနဲ သိရှိခဲ့ကြ သည်။ ထို့အပြင် အစိုးရ- ပုဂ္ဂလိကကဏ္ဍနှင့် အဖွဲ့ အစည်းတို့မှ ဆန်းသစ်တီထွင်မှု လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်သင့်သည်ကို နားလည်သဘော ပေါက်လာခြင်း၊ နှီးနှောဖလှယ်ပွဲမှရရှိသည့် အသိပညာများကို အသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိ ဆောင်ရွက်နေသော လုပ်ငန်းသဘောသဘာဝနှင့် လျော်ညီသည့် ဝန်ဆောင်မှုပေးခြင်းကို အကောင် အထည်ဖော် ဆောင်ရွက်လာနိုင်ခြင်း၊ ခေတ်မီ နည်းပညာများ အသုံးပြု၍ ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ပြိုင်ပွဲ သဘောပြုလုပ်ခဲ့သည့်အတွက် လုပ်ငန်းရှင်များ အနေဖြင့် ပိုမိုစိတ်အားတက်ကြွစေပြီး ကြိုးစားအားထုတ်မှုတိုင်းသည် အောင်မြင်မှုကို ရှေးရှု နေကြောင်း လက်တွေ့ကျကျ သိမြင်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခဲ့ကြသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက ဤကဲ့သို့ စီမံကိန်းများ ပိုမိုရရှိရန် ကြိုးပမ်းအားထုတ်၍ အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အထောက် အပံ့ကောင်းများ ပံ့ပိုးကူညီပေးခြင်း၊ MSME ထုတ်ကုန်များ ဆန်းသစ်တီထွင်လာနိုင်စေရန်နှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တိုးတက် အောင်မြင်လာစေရန် မူဝါဒလုပ်ငန်းစဉ်များကို ပြင်ဆင်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် နည်းပညာ၊ စျေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ 

ထိုသို့ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် MSME လုပ်ငန်းရှင်များသည် ဆန်းသစ်သော ပြည်တွင်း ပြည်ပပို့ ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည် ဖြစ်သည်။ ထုတ်ကုန်များကို E-market Platform များပေါ်တွင် ရောင်းချခြင်းဖြင့် ဈေးကွက်ဝေစု ပိုမိုရရှိလာခြင်းကြောင့် မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများ ပိုမိုရှင်သန်အောင်မြင်လာမည်ဖြစ်ပါသည်။ MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။