နေပြည်တော် ၈   ဒီဇင်ဘာ

 

မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာန တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ထပ်မံဖြည့်စွက် ဆွေးနွေးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများသည် လူ့အခွင့်အရေး ကို အပြည့်အဝခံစားရရှိနိုင်ရန်နှင့် မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်ရန်တို့အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)၊ နည်းဥပဒေများ (၂၀၁၇)တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအဖွဲ့(၉)ဖွဲ့ဖြင့် ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် ကာကွယ်စောင့်ရှောက်မှု ပေးရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်ရာ အားလုံးသိရှိလေ့လာထားရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းမှု အမျိုးအစားများအလိုက် မျက်မမြင် ကျောင်း (၂)ကျောင်း၊ နားမကြားသောကလေးများကျောင်း (၂)ကျောင်း၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း (၂)ကျောင်း၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း (၁)ကျောင်းနှင့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာ (၁)ကျောင်းသာ ဖွင့်လှစ်ထားနိုင်ပါကြောင်း၊ ထို့အတွက် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် လုံလောက်မှုမရှိဘဲ ပုဂ္ဂလိက မသန်စွမ်းအထူး ပညာရေးကျောင်းများ၏ ကဏ္ဍသည် အရေးပါလာပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဂေဟာများကို အားပေးပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းဂေဟာ (၁၂)ခုကို နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေး နည်းဥပဒေ (၂၀၁၇)အရဖွင့်လှစ်လိုသည့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိက ပြန်လည် ထူထောင်ရေးဌာနနှင့် ပုဂ္ဂလိကအသက်မွေးမှု အထူးသင်တန်းကျောင်းများသည် တည်ထောင်ခွင့်ပြုမိန့် လျှောက်ထား ဖွင့်လှစ်ရန်ဖြစ်ကြောင်း၊ ပုဂ္ဂလိကမသန်စွမ်းကျောင်းများအတွက် အမျိုးအစားအလိုက် စံ/ စည်းကမ်း သတ်မှတ်ချက်များကို ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က ညှိနှိုင်းရေးဆွဲလျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် အဆိုပါကိစ္စများကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပုဂ္ဂလိက မသန်စွမ်းကျောင်းများအတွက် အမျိုးအစားအလိုက် စံ/စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံဖြည့်စွက်ရန်လိုအပ်သည့် အချက်(မူကြမ်း) များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြန်မာနိုင်ငံ အထူးပညာရေးအသင်း၊ မြန်မာအော်တစ်ဇင်အသင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်တို့၏ တာဝန်ရှိသူများက ပြင်ဆင်ဖြည့်စွက် လိုသည့်အချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)