နေပြည်တော် ၂၃ စက်တင်ဘာ

ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအတွက် အဝေးမှအကဲဖြတ်ခြင်း (Remote Assessment) နှင့် အီလက်ထရောနစ် (Digitalization) နည်းလမ်းတို့ဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသူများက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအတွက် အဝေးမှအကဲဖြတ်ခြင်း (Remote Assessment) နှင့် အီလက်ထရောနစ် (Digitalization) နည်းလမ်းတို့ဖြင့် လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင်  သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍ၊ နည်းပညာပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဘဏ္ဍာငွေလျာထားမှု၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဝန်ဆောင်မှုပေးမည့် အဖွဲ့အစည်းများ ခေါ်ယူခြင်းအတွက် လိုအပ်သည့်အချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်မှစတင်၍ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တစ်ရပ် ချမှတ်နိုင်ရေးအတွက် ယူနီဆက်(မြန်မာ)၏ နည်းပညာပံ့ပိုးမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် မသန်စွမ်းသူများ၏ အသင်းအဖွဲ့များနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကနဦးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်၊ ကရင်ပြည်နယ်၊ ဘားအံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ဆောင်ရွက်လျက်ရှိသည်။

မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွက် မူလလျာထားသည့် အစီအစဉ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တဆိုင်းငံ့ထားရစဉ်အတွင်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အသွင်ပြောင်းဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်တစ်ခုလုံးအတွက် လွှမ်းခြုံစေမည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအစီအစဉ်တို့ကို အဝေးရောက်အကဲဖြတ်ခြင်း (Remote Assessment) နှင့် အီလက်ထရောနစ် (Digitalization) နည်းလမ်းတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ UNICEF (မြန်မာ)မှ တာဝန်ရှိသူများ၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းပညာ အဓိကအဖွဲ့ (Technical Core Group) အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံအော်တစ်ဇင်အသင်း၊ မြန်မာဒေါင်းဆင်ဒရုန်းအသင်း၊ မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ဧဒင်မသန်စွမ်းသူများ ပြုစုရာရိပ်မြုံ၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်