မန္တလေး၊ ၁၈ ဒီဇင်ဘာ
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ အထက်မြန်မာပြည်တာဝန်ခံ ဒေါ်အေးနန္ဒာဌေးနှင့် မန္တလာရောင်စဉ်အဖွဲ့မှ စီမံကိန်းမန်နေဂျာ ဒေါ်နန်းစိုးမေတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအား IPRD Mandalay District Facebook Online Page မှတစ်ဆင့် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ကာလ မသန်စွမ်းသူများ၏ အခက်အခဲများ၊ မသန်စွမ်းသူများအတွက် ကူညီဆောင်ရွက်ပေးမှု အခြေအနေများအား ဆွေးနွေးကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အတည်ပြုချက်အရ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူသန်းပေါင်း ၆၀ဝ ခန့်က မသန်စွမ်းသူများဖြစ်နေတာကို တွေ့ရှိရကြောင်း၊ မသန်စွမ်းသူများရဲ့ အရေးကိစ္စတွေကို ပိုမိုနားလည်လာစေဖို့၊ မသန်စွမ်းသူများမှာလည်း အခြေခံလူ့အခွင့်အရေးတွေ ရှိတယ်ဆိုတာတွေကို သိလာစေဖို့နဲ့ သူတို့ကိုလည်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတွေမှာ ပါဝင်လာစေဖို့အတွက် ရည်ရွယ်ပြီး ကမ္ဘာ့ကုလသမဂ္ဂညီလာခံကြီးက ဒီဇင်ဘာ ၃ ရက်ကို ကမ္ဘာ့မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


