ကြည်ထွန်း(လူမှု)

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ထုတ်ပြန်သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာ (၂၀၁၀) အရ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေကြရသည်။ မသန်စွမ်း သူတိုင်း လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့် များကို ညီမျှစွာအပြည့်အဝရရှိရေးတို့ကို ကာကွယ်စောင့် ရှောက်ရန်၊ တိုးမြှင့်လုပ်ဆောင်နိုင်ရန်နှင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိစေရန်အတွက် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities - UNCRPD) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်း ခဲ့ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ပါဝင် လက်မှတ်ရေးထိုးပြီးဖြစ်သည်။

 

ကွန်ဗင်းရှင်းတစ်ခုဖြစ်

 

စင်စစ် UNCRPD သည် မသန်စွမ်းသူများအတွက် အခွင့်အရေးအသစ်များကို တောင်းခံနေခြင်းမဟုတ်ဘဲကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များ နှင့်အညီ မသန်စွမ်းသူများ ရသင့်ရအပ်သော အခွင့်အရေး များအကြောင်းကို ဖော်ပြထားသော ကုလသမဂ္ဂကွန်ဗင်းရှင်း တစ်ခုဖြစ်သည်။ ထို့အပြင် စာချုပ်အဖွဲ့ဝင်နိုင်ငံများ အားလုံး မသန်စွမ်းသူများ လူ့အခွင့်အရေးအပြည့်အဝရရှိ ရေးအတွက် မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို နားလည် သဘောပေါက်စေရန် ကူညီပေးသည့် ကွန်ဗင်းရှင်းတစ်ခု လည်းဖြစ်သည်။

 

လက်လှမ်းမီရယူသုံးစွဲနိုင်ဖို့

 

UNCRPD ၏ ပြဋ္ဌာန်းချက်အပိုဒ် ၉ "လက်လှမ်းမီရယူ သုံးစွဲနိုင်ခြင်း"ကဏ္ဍ၌ အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်း သူများ၏ ဘဝနယ်ပယ်အသီးသီးနှင့် ပတ်သက်ဆက်နွှယ် နေသည့် ပစ္စည်း၊ အသုံးအဆောင်နှင့် အကူအညီများကို ပိုမိုလွယ်ကူစွာရယူအသုံးပြုနိုင်စေရန်အတွက် အဖွဲ့ဝင် နိုင်ငံများက အောက်ပါတို့ကို ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားပါသည်-

 

(က) ဆေးရုံ၊ ကျောင်းကဲ့သို့သော အများပြည်သူနှင့် သက်ဆိုင်သောအဆောက်အအုံများနှင့် ယာဉ် များတွင် မသန်စွမ်းသူများ အလွယ်တကူ ဝင်၊ ထွက်သွားလာအသုံးပြုနိုင်ရန်၊

 

(ခ) သတင်းအချက်အလက်များကို ပိုမိုလွယ်ကူစွာ ရယူအသုံးပြုနိုင်ရန်၊

 

(ဂ) လက်သင်္ကေတပြဘာသာစကား၊ မျက်မမြင် လက်စမ်းစာများ အလွယ်တကူအသုံးပြုရန်၊

 

(ဃ) ကူညီပံ့ပိုးသူများ၊ လက်သင်္ကေတပြဘာသာပြန် များ အများပြည်သူဆိုင်ရာ အဆောက်အအုံ များတွင် ရရှိနိုင်စေရန်၊

 

(င) မသန်စွမ်းသူများအတွက် အများပြည်သူ ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်း မွန်စွာရရှိရန် လမ်းညွှန်မှုများ ချမှတ်ရန်၊

 

(စ) မသန်စွမ်းသူများအတွက် လက်လှမ်းမီရယူ သုံးစွဲနိုင်သည့် ဝန်ဆောင်မှုများပံ့ပိုးနိုင်ရေး အစီအမံများ ချမှတ်ရန်၊

 

(ဆ) လက်လှမ်းမီရယူသုံးစွဲခြင်းဆိုင်ရာ သင်တန်း များပို့ချရန်၊

 

(ဇ) အဖွဲ့ဝင်နိုင်ငံအစိုးရများသည် မသန်စွမ်းသူ များ နည်းပညာသစ်များ သုံးစွဲခွင့်ရရှိမှုသေချာ စေရန် ဆောင်ရွက်ပေးရန်။

 

ထိုသို့ပြဋ္ဌာန်းထားသော်လည်း ကမ္ဘာတစ်ဝန်းရှိ မသန်စွမ်းသူတို့အဖို့ မြင်သာမြင်ရ မကြင်ရ ဆိုသကဲ့သို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အလုပ်အကိုင် စသည့်အခွင့်အလမ်းများကို အများနည်းတူ လွယ်လင့်တကူ လက်လှမ်းမီရရှိခံစားမှု နည်းပါးဆဲပင် ဖြစ်ပါသည်။ သို့ဖြစ်၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဦးတည်ချက်ဆောင်ပုဒ်ကို "The Future is Accessible" ဟူ၍ သတ်မှတ်လိုက်ခြင်းမှာ သင့်မြတ်လှပေသည်။

 

အမျိုးသားကော်မတီ

 

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံ သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် UNCRPD ၌ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ UNCRPD ပါပြဋ္ဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်းကောင်း အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဥပဒေပါပြဋ္ဌာန်းချက်များကို လက်တွေ့ရုပ်လုံးဖော်နိုင်ရန် မသန်စွမ်းသူများ၏အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေညာစာအမှတ်၊ ၇၀/၂၀၁၇ ဖြင့် ဖွဲ့စည်းပေးခဲ့ပြီး မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် မသန်စွမ်းမှုအလိုက် လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မသန်စွမ်းသူတို့၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ တရားမျှတမှုနှင့် ဥပဒေရေးရာ၊ မသန်စွမ်းမှုဆိုင်ရာ အသိပညာ၊ ရပ်ရွာအတွင်း အများနည်းတူပါဝင်ဆောင်ရွက်ခွင့် စသည်တို့နှင့်ပတ်သက် သည့် လုပ်ငန်းအစီအစဉ်များကိုလည်း နိုင်ငံတော်အစိုးရက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို အားတက်ဖွယ် တွေ့မြင်ရသည်။

 

လွယ်ကူစွာသွားလာနေထိုင်ရေး

 

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ အခန်း (၇) ပုဒ်မ၂၈ "မသန်စွမ်းသူများ လွယ်ကူစွာသွားလာ နေထိုင်အသုံးပြုနိုင်ရေး" ကဏ္ဍ၌ အမျိုးသားကော်မတီသည် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် မသန်စွမ်း သူများ အလွယ်တကူ သွားလာနေထိုင်အသုံးပြုနိုင်ရေး အတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့ များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ မသန်စွမ်းမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပူးပေါင်းပြီး အောက်ပါအတိုင်းညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထား ပါသည်-

 

(က) အများပြည်သူသုံးအဆောက်အအုံနှင့် ဆက်စပ် ပတ်ဝန်းကျင်ကို မသန်စွမ်းသူများ ကိုယ်စိတ် နှစ်ပါးလုံခြုံပြီး လွယ်ကူစွာအသုံးပြုနိုင်ရန် အတွက် ပုံစံထုတ်လုပ်မှုနှင့် ပြုပြင်တည်ဆောက် မှုဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ခြင်း၊

 

(ခ) မသန်စွမ်းသူများ အထောက်အကူပြုပစ္စည်း ကိရိယာများဖြင့် အလွယ်တကူသွားလာနိုင်ရေး အတွက် အများပြည်သူအသုံးပြုသည့်နေရာများ တွင် အတားအဆီးများမရှိစေရေးအတွက် ပုံစံ များ ရေးဆွဲတည်ဆောက်ခြင်း၊

 

(ဂ) အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ် များတွင် မသန်စွမ်းသူများ လွယ်ကူစွာ စီးနင်းလိုက်ပါနိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ပေးခြင်း၊

 

(ဃ) လမ်းဆုံမီးပွိုင့်များ၊ လူကူးမျဉ်းကျားများနှင့် လမ်းအကွေ့၊ အတက်၊ အဆင်းများတွင် မသန်စွမ်းသူများအတွက် အထောက်အကူဖြစ် စေသော အမှတ်အသားများ၊ သင်္ကေတများ၊ အသံပေး၍ အချက်ပြသည့်ကိရိယာများနှင့် အခြားလိုအပ်သည်များ တပ်ဆင်ခြင်း၊

 

(င) အများပြည်သူပိုင်အိမ်ရာ၊ ဆေးရုံနှင့် စာသင် ကျောင်း စသည့်ရုပ်ဝတ္ထုပတ်ဝန်းကျင်များ၊ ဆက်သွယ်ရေး၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေးကဏ္ဍတို့တွင် မသန်စွမ်းသူ များ လွယ်ကူစွာ သွားလာသုံးစွဲနိုင်ရန် စီစဉ်ပေးခြင်း။

 

အထက်ပါပြဋ္ဌာန်းချက်များကို ရုပ်လုံးဖော်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတစ်ခုတည်း၏အားဖြင့် ဆောင်ရွက်၍ မဖြစ် နိုင်ပေ။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စည်ပင်သာယာ အဖွဲ့အစည်းများ၏အားကိုပါ ရယူဆောင်ရွက်ရပေမည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင် အများပြည်သူသုံးအိမ်ရာများ၊ စာသင်ကျောင်းများ၊ လေဆိပ်များ၊ ရုံးများ၊ ဆေးရုံများ၊ ပန်းခြံများ၊ ရုပ်ရှင်ရုံများ၊ ဈေးဝယ်စင်တာများ၊ လျှောက်လမ်း၊ ပလက်ဖောင်းများ၊ လမ်းဆုံမီးပွိုင့်များ၊ လူကူးမျဉ်းကျားများ၊ ဘူတာရုံများ၊ ရေယာဉ်၊ ရထား၊ ဘတ်စ်ကားများတွင် Universal Design စံသတ်မှတ်ချက်ဖြင့် လူတိုင်း ဂုဏ်သိက္ခာ ရှိစွာ လက်လှမ်းမီသွားလာသုံးစွဲနိုင်ရေးကို စီမံဆောင်ရွက် လျက်ရှိကြသည်။ ထို့ကြောင့်လည်း Barrier-Free City များ၊ Accessible Public Building များ မြောက်မြားစွာ ရှိလာပြီး မသန်စွမ်းသူများသာမက သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်သားသည်မိခင်များအပါအဝင် ပြည်သူ အားလုံး လွယ်လင့်တကူအသုံးပြုနေသည်ကို အားကျ အတုယူဖွယ်တွေ့မြင်ရသည်။

 

အတားအဆီးကင်းစင်ရေး

 

မြန်မာနိုင်ငံတွင်လည်း အလားတူဆောင်ရွက်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ နိုင်ငံတစ်ဝန်း ဆောက်လုပ်နေဆဲဆေးရုံများတွင် Trolley Way လျှောက် လမ်းများ၊ ဆင်ခြေလျှောများ၊ လက်ကိုင်တန်းများ၊ သီးသန့် အိမ်သာခန်းများကို ထည့်သွင်းဆောင်ရွက်နေပြီဟု သိရ သည်။ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လမ်းအကျယ်အဝန်းပေါ်မူတည်၍ ဆင်ခြေလျှောပါ လျှောက်လမ်းစင်္ကြံများကို ပြုလုပ်ပေးလျက်ရှိသည်။ အထူး သဖြင့် ရန်ကုန်မြို့တော်ရှိ YBS ယာဉ်လိုင်းအချို့တွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ Wheel Chair အသုံးပြုသူများ ခရီးသွားလာမှု သက်‌သောင့်သက်သာ အဆင်ပြေစေရန် သီးသန့် Disabled Bus များဖြင့် ပြေးဆွဲ လျက်ရှိသည်ကို တွေ့ရသည်။ ထို့အပြင် Air Con Bus အချို့တွင် အသံစနစ်နှင့် သီးသန့်လိမ္မော်ရောင် ထိုင်ခုံများ ပါရှိပြီး သက်ကြီးရွယ်အို၊ မသန်စွမ်းခရီးသည်၊ ကိုယ်ဝန်ဆောင် မိခင်၊ ကလေးနှင့်မိခင် စသောသင်္ကေတအမှတ်အသားများ ကပ်ထားသည်ကို တွေ့မြင်ရသည်မှာ ဝမ်းမြောက်ကြည်နူး ဖွယ်ကောင်းလှပေသည်။

မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိနိုင်ရန်နှင့် ကိုယ်တိုင်ဘဝရပ်တည်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်း တို့ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် Information Communication & Technology Training Center – ICT ကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းက ဆရာဖြစ်သင်တန်းသား များကို လေ့ကျင့်မွေးထုတ်လျက်ရှိရာ မသန်စွမ်းသူတို့၏ အနာဂတ်ဘဝ သာယာချမ်းမြေ့ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်မှာ အမှန်ပင်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် နားမကြားသူများ သတင်းအချက် အလက်ရရှိရေးအတွက် ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး နားမကြားသူများအတွက် လက်သင်္ကေတဘာသာစကား (Sign Language) ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ညပိုင်း ၈ နာရီသတင်းအစီအစဉ်၊ MNTV ၏ စနေ၊ တနင်္ဂနွေနေ့တွင် ထုတ်လွှင့်သော တစ်ပတ်အတွင်း သတင်း (အနှစ်ချုပ်) အစီအစဉ်၊ DVB၊ မြဝတီ စသော ရုပ်သံလိုင်းများ၏ သတင်းအစီအစဉ်များတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။ ထို့အပြင် CEDAW၊ CRPD နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတို့ကို လက်သင်္ကေတဘာသာစကားဖြင့် ဘာသာပြန်ဆို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

 

အမြင်အာရုံမသန်စွမ်းသူများသည် ယခင်က ကွန်ပျူတာပေါ်မှ အင်္ဂလိပ်စာကိုဖတ်ပေးသော အင်္ဂလိပ် အသံထွက် Software ကိုအမှီပြုပြီး ကွန်ပျူတာကို အသုံးပြုခဲ့ရသည်။ ယခုအခါ မြန်မာ TTF Software ကို အသုံးပြု၍ ကွန်ပျူတာဖြင့် မြန်မာစာကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဖတ်ရှုနိုင်ပြီဖြစ်သည်။ လုပ်ငန်းနယ်ပယ်၊ ပညာ ရေးကဏ္ဍ၊ ဗဟုသုတနှင့် သတင်းအချက်အလက်များ ရှာဖွေရာတွင် အမြင်အာရုံရရှိသူများနည်းတူ လုပ်ဆောင် နိုင်ပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံမျက်မမြင်အသင်း နှင့် Siloam International တို့ပူးပေါင်း၍ Myanmar Phone Application Software ကို ထပ်မံတီထွင်နိုင်ပြီ ဖြစ်ရာ အမြင်အာရုံမသန်စွမ်းသူများ လက်လှမ်းမီအသုံးပြု နိုင်တော့မည်ဖြစ်သည်။

 

မျက်မှောက်ခေတ်၌ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးတွင် ဉာဏ်ရည်မသန်စွမ်းသူဦးရေ ပိုမိုများပြား နေပြီဟု သိရသည်။ သို့ဖြစ်၍ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တိုင်းတာစစ်ဆေး ပံ့ပိုးမှုဆိုင်ရာလုပ်ငန်းများ အရေးပါလာပြီဖြစ်သည်။ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက Early Childhood Intervention (ECI) လုပ်ငန်းကို Pilot Project အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီဟု သိရသည်။

 

လက်လှမ်းမီအခွင့်အလမ်းများ ဖန်တီးပေး

 

ယနေ့အချိန်သည် ကမ္ဘာတစ်ဝန်းလုံး၌ စတုတ္ထ စက်မှုအသွင်ကူးပြောင်းရေးကာလဖြစ်ရာ လူမှုရေးနှင့် နည်းပညာဆိုင်ရာအသွင်ကူးပြောင်းမှုများကို မျက်ဝါး ထင်ထင်ကြုံတွေ့နေကြရပြီဖြစ်သည်။ ယနေ့ ခေတ်မီ ပညာရေးနယ်ပယ်၌ လူသားတစ်ဦးချင်းစီတွင် အထုံပါရမီ၊ စိတ်ပါဝင်စားမှု၊ ဝါသနာ၊ ဉာဏ်ရည်၊ စွမ်းဆောင်ရည် စသည်တို့ကို စစ်ဆေးတိုင်းတာဖော်ထုတ်နိုင်သည့် စမ်းသပ် စစ်ဆေးမှုများ(Test and measurements)ပညာရေးကူညီ လမ်းညွှန်မှု၊ အသက်မွေးဝမ်းကျောင်းကူညီလမ်းညွှန်မှု (Education & Vocational Consulting and Guidance) တို့ဖြင့် ကူညီပေးနိုင်စွမ်းရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မသန်စွမ်းမှုဆိုင်ရာအဖွဲ့ အစည်းများနှင့် ပြည်သူများက မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လက်လှမ်းမီအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဆိုပါက မသန်စွမ်းသူများ၏အနာဂတ် ဘဝ ချောမောလှပရေးမှာ အလှမ်းမဝေးတော့ပြီ။ ။

ကြေးမုံ