နေပြည်တော် ၁၇ ဇူလိုင်
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးများသာတူညီမျှ ရရှိရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဖော်ဆောင်နိုင်ရန် လည်းအမျိုးသားအဆင့် ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အဆင့်ဆင့်တွင် လုပ်ငန်းကော်မတီနှင့်ဆပ် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
UNCRPD အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်း၏ အပိုဒ်(၃၅)(က) တွင် ဖော်ပြထားသည့် “အဖွဲ့ဝင်နိုင်ငံများသည် ဤသဘောတူစာချုပ်အရ သတ်မှတ်ထားသော ၄င်းတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည့်စုံသည့် အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်မှတစ်ဆင့် ကော်မတီသို့ တင်သွင်းရန်” နှင့် အပိုဒ်(၃၅)(ခ)တွင် ဖော်ပြထားသည့် “ထိုသို့တင်သွင်းပြီးနောက် အဖွဲ့ဝင်နိုင်ငံများသည် နောက်ဆက်တွဲအစီရင်ခံစာကို အနည်းဆုံး(၄)နှစ်(၁)ကြိမ် တင်ပြရန်” ပါရှိပါကြောင်း၊ ကနဦးအစီရင်ခံစာကို ၂၀၁၅ ခုနှစ် ကတည်းက UNCRPD ကော်မတီသို့ တင်သွင်းထားပါကြောင်း၊ မြန်မာနိုင်ငံကတင်သွင်းသည့် UNCRPD ကနဦးအစီရင် ခံစာနှင့်စပ်လျဉ်း၍ ယခုနှစ် သြဂုတ် (၂၈)ရက်နှင့် (၂၉)ရက်တို့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကသွား ရောက်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပါကြောင်း၊ UNCRPD ကနဦးအစီရင်ခံစာသည် မသန်စွမ်းမှုနှင့်ဆက်စပ်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တက်ရောက်လာသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ်က အစည်းအဝေး ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ UNCRPD ကော်မတီကပေးပို့လာသည့် List of Issues နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


