နေပြည်တော် ၁၃ ဇန်နဝါရီ 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီဥက္ကဌနှင့်  စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အလုပ်ရှင်များနှင့် မသန်စွမ်းအသင်းအဖွဲ့များ ညှိနှိုင်းဆွေးနွေးကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီဥက္ကဌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မသန်စွမ်းသူများကို အလုပ်ခန့်ထားသည့် ကုမ္ပဏီများအနေဖြင့် ဝယ်ယူအားပေးသူများနှင့် လူမှုအသိုက်အဝန်းက ကုန်ပစ္စည်းအမှတ်တံဆိပ်အပေါ် အလေးထား၍ ကုန်သွယ်မှု ကောင်းမွန်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ဆောင်ရွက်ပေးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ မသန်စွမ်းသူများ အဆင်ပြေသင့်လျော်သည့် လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ဖြစ်စေရေး၊ လုပ်ငန်းခွင်အတွင်း ဆက်ဆံမှုအဆင်ပြေစေရေး စသည်တို့ကို အလုပ်ရှင်များ အနေဖြင့် ကောင်းမွန်သောအစီအမံများနှင့် ဆောင်ရွက်ပေးသင့်ကြောင်း၊ အလုပ်ရှင်များ အနေဖြင့် မသန်စွမ်းသူများကို အောင်မြင်စွာ အလုပ်ခန့်ထားနိုင်ရေး စီမံပြင်ဆင်ထားစေလို ကြောင်း၊ အလုပ်ခေါ်ယူလိုပါက မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ အကြောင်းကြားစေလိုကြောင်း၊ ခန့်အပ်ပြီးပါက အလုပ်ခွင်တည်မြဲရေး အဖွဲ့အစည်းအလိုက် ဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ တတ်နိုင်သ၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မသန်စွမ်းသူများ၏ လုပ်ကိုင်နိုင်စွမ်းနှင့် သင့်လျော်သည့်အလုပ်ကို လူမှန်နေရာမှန် ခန့်ထား ပေးနိုင်ရေး အလုပ်ရှင်များမှ Corporate Social Responsibility - CSR ကို အကောင် အထည်ဖော်သည့်အနေဖြင့် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့မှ မသန်စွမ်းသူများအတွက် သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးနေမှု၊ မသန်စွမ်းသူများကို အလုပ်အကိုင်ရရှိရေး ကြိုးပမ်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များနှင့် မသန်စွမ်းအသင်းအဖွဲ့များမှ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ စက်မှုဇုန်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။ 

သန့်ဇော်