နေပြည်တော် ၂၈   နိုဝင်ဘာ

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအစည်းအဝေးသည် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်(၈)ချက် ချမှတ်ခဲ့ပါကြောင်း၊ အဓိကအချက်များမှာ အစီရင်ခံစာကို နှစ်ပတ်လည်အစီရင်ခံစာအဖြစ် ဆောင်ရွက်ရန်၊ နှစ်ပတ်လည် အစီရင်ခံကို ၂၀၂၀ ပြည့်နှစ် မတ်လကုန်တွင် ထုတ်ဝေနိုင်ရန်၊ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ထုတ်ဝေရန်နှင့် ထည့်သွင်းဖော်ပြမည့် Content များ၊ အကြောင်းအရာများ၊ ဆောင်းပါးများကို ဒီဇင်ဘာ လကုန်အထိ ဆက်စပ်အဖွဲ့အစည်းများထံမှ တောင်းခံသွားရန်တို့ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး အဓိက ဆုံးဖြတ်ချက်မှာ မသန်စွမ်း ဆက်စပ်အဖွဲ့ အစည်းများမှ လုပ်ငန်းဆောင်ရွက်ချက်များ တောင်းခံရန်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင်လည်း ဆက်စပ်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

4

 

ထို့နောက် နှစ်ပတ်လည်အစီရင်ခံစာရေးသားရေးအဖွဲ့ဝင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆပ်ကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ ဆက်စပ် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဆောင်ရွက်မှုမှတ်တမ်းများကို ပေါင်းစည်းထုတ်ပြန်နိုင်ရေး အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဆပ်ကော်မတီများအလိုက် မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက နှစ်ပတ်လည် အစီရင်ခံစာ ရေးသားထုတ်ဝေနိုင်ရေး ကိစ္စများကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြသည်။

 

ထို့နောက် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 

(သတင်းစဉ်)