နေပြည်တော် ၄ ဖေဖော်ဝါရီ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့၏ ၅ ကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အစည်းအဝေးများတွင် အစီရင်ခံစာနှင့်ပတ်သက်၍ အခြေခံအချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများထံမှ စာမူကြမ်းများ တောင်းခံစုဆောင်းခြင်း၊ တည်းဖြတ်ခြင်း၊ ပုံနှိပ်ခြင်း စသည့် တာဝန်ခွဲဝေမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြပါကြောင်း၊ ယနေ့အစည်းအဝေး စုဆောင်းရရှိထားသည်များကို သုံးသပ်ပြီး အစီရင်ခံစာအဆင့်အတန်း ပြည့်မီစွာဖြင့် အချိန်မီထွက်ရှိရေးအတွက် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး အကြံပြုပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရွှေမင်းသား ဖောင်ဒေးရှုင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက နှစ်ပတ်လည်အစီရင်ခံစာ ရေးသားထုတ်ဝေနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ကဏ္ဍအလိုက် ပေးပို့လာသည့် မူကြမ်းများအား စစ်ဆေးပြီးစီးမှု အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက နှစ်ပတ်လည်အစီရင်ခံစာ ရေးသားထုတ်ဝေနိုင်ရေးနှင့် အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်