ရန်ကုန် ၂၈ ဇန်နဝါရီ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် IFEF တို့ ပူးပေါင်း ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး၏ လူဦးရေ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြပြီး မသန်စွမ်းသူ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြပါကြောင်း၊ မသန်စွမ်းသူများ၏ နေ့စဉ်လူနေမှုဘဝများသည် အခက်အခဲ အတားအဆီးများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ရင်ဆိုင်ကြုံ တွေ့နေရသည့် အခက်အခဲ အတားအဆီးများသည် ၄င်းတို့၏ ချို့ယွင်းအားနည်း မှုကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားဆိုင်ရာ၊ အမြင်ပိုင်း ဆိုင်ရာနှင့် အခြား အတားအဆီးတွေဆိုင်ရာကြောင့်သာ ဖြစ်ပါကြောင်း။
(၂၁) ရာစုနှစ်အစမှ စတင်ပြီး မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စ တို့ကို ကမ္ဘာတစ်ဝန်းတွင် ရှုထောင့်သစ်၊ အမြင်သစ်များဖြင့် သိရှိနားလည်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြပါကြောင်း။
ယခုလို ဆောင်ရွက်သည့်နေရာတွင် နိုင်ငံအပေါင်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အခြေခံကျသည့် “အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်နှင့် သာတူညီမျှခွင့်” တို့ကို ကာကွယ်မြှင့်တင်ရန် အခိုင်အမာပြောဆိုဆောင်ရွက်ခဲ့ကြပါကြောင်း၊ သို့သော်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါကြောင်း။
မသန်စွမ်းသူများအပေါ် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသည်းခြင်း၊ ကြောက်ရွံ့စိုးရိမ်ခြင်းတို့ကြောင့် အထီးကျန်ဘဝကို ရောက်ရှိခဲ့ရသည့် မသန်စွမ်းသူ များ၏ အခွင့်အရေးကိစ္စသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အထူးအာရုံစိုက်ရသည့် ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါကြောင်း။
(၆၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities -UNCRPD) ကို ၂၀ဝ၆ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုချမှတ်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ (၂၀၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ(၂၀၁၇)၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို အတည်ပြုချမှတ်ခဲ့ပါကြောင်း။
အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာတို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီးနောက် အမျိုး သားကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်ကောင်စီကော်မတီများနှင့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားအဆင့်ကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရေရှည်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် မူဝါဒအစီအစဉ်များ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။
၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ်ပေးသည့် “Empowering persons with disabilities and ensuring inclusiveness and equality” “အားလုံးတူညီအခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများအစွမ်းမြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက်ဆောင်ပုဒ်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၃၀ အစီအစဉ်တွင် မျှော်မှန်းထားရှိသည့် လူသား အားလုံးပါဝင်သည့် သာတူညီမျှဖြစ်သည့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှု အတွက် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်ထားရှိ ကြောင်း တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် အလေးထား ဆောင်ရွက်ရန် ထုတ်ဖော်ကြေညာခဲ့သည့် ကတိကဝတ် (၇) ချက်ဖြစ်သည့် မူဝါဒပိုင်း ဆိုင်ရာလေ့လာဆန်းစစ်မှုများပြုလုပ်ရေး၊ လူတိုင်းအကျုံးဝင်ပညာရေး၊ မသန်စွမ်းသူ များ၏ စီးပွားရေးစွမ်းဆောင်ရည်မြင့်မားရေးနှင့် မသန်စွမ်းသူများအတွက် လုပ်ငန်းခွင် အတွင်း အဆင်ပြေသင့်လျော်စေမည့် ပတ်ဝန်းကျင်များဖန်တီးရေး၊ နည်းပညာခေတ်နှင့် အညီ မသန်စွမ်းသူများ သတင်းအချက်အလက်နှင့် နည်းပညာများအသုံးပြု ဆောင် ရွက်နိုင်ရေး၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှုအကျုံးဝင် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း အစီအစဉ်များချမှတ် ဆောင်ရွက် ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများတွင် မသန်စွမ်းသူများအား ကူညီကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
အရှေ့တောင်အာရှအာဆီယံဒေသတွင်းနိုင်ငံများတွင် မသန်စွမ်းသူ ဦးရေ သန်းပေါင်း ၉၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိ ပါကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါကြောင်း၊ မိမိတို့ အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများ ရရှိရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း။ ယခုကဲ့သို့ ဆောင်ရွက်သည့်အခါတွင် အာဆီယံနိုင်ငံများ အချင်းချင်းလည်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အခက်အခဲအတားအဆီးများထဲတွင် “နိုင်ငံရေးတွင် ပါဝင်ခွင့်”ဆိုသည့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးတစ်ခုလည်း အပါ အဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများလက်လှမ်းမီပါဝင်ရေး အထွေထွေ ရွေးကောက်ပွဲကွန်ရက် (AGENDA)အဖွဲ့က ဦးဆောင်ပြီး မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ အာဆီယံအထောက်အကူပြုဘက်စုံစီမံချက် ၂၀၂၅ ကိုရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက် တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ဤစီမံချက်သည် ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းတို့၏ အခြေခံမူများနှင့် လူ့အခွင့်အရေးဆိုင်ရာအာဆီယံကော်မရှင် (AICHR)၏ “မသန်စွမ်းသူများ၏ အခွင့် အရေးများကို အာဆီယံ၏ကဏ္ဍပေါင်းစုံတွင် ပေါင်းစည်းပါဝင်လာနိုင်ရေး” ဆိုသည့် အချက်များအရ ပေါ်ပေါက်လာသည့် ဒေသတွင်းမူဝါဒစာတမ်းတစ်ခုလည်း ဖြစ်ပါ ကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲမှတစ်ဆင့် မသန်စွမ်းသူများအခွင့်အရေး ဆိုင်ရာ အာဆီယံအထောက်အကူပြုဘက်စုံစီမံချက်၂၀၂၅ ပါ လုပ်ဆောင်ရမည့် အချက်အလက်များကို အခြေခံပြီး အတွေ့အကြုံများ၊ သင်ခန်းစာများမှတစ်ဆင့် လူမှုဘဝအလွှာအသီးသီးရှိ မသန်စွမ်းသူများအားလုံး ပါဝင်လာနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများရှိ မသန်စွမ်းသူများ အနေဖြင့် အခွင့်အရေးများနှင့်အညီ ပါဝင်ခွင့်ရရှိအောင် ပူးပေါင်းပါဝင်ဆွေးနွေး ဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ ဆွေးနွေးပွဲသည့် မသန်စွမ်းသူများနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကြားတွင် ဖြစ်ပေါ် နေသည့် စိန်ခေါ်မှုအတားအဆီးများကို လက်တွဲဖြေရှင်းဆောင်ရွက်ရေးနှင့်ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးအတွက် အရေးပါသည့် ပေါင်းကူး တံတားတစ်ခုဖြစ်ပါကြောင်း၊ နှစ်ရက်တာ ကျင်းပမည့် ဆွေးနွေးပွဲတွင်လည်း ရွေးကောက်ပွဲများတွင် မသန်စွမ်းသူများ ပိုမိုလက်လှမ်းမီ ပါဝင်နိုင်စေရေးနှင့် အခွင့် အရေးများ မြှင့်တင်ဆောင်ရွက်ပေးနိုင်မည့် ရလဒ်ကောင်းများ ရရှိလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများတွင် မသန် စွမ်းသူများ၏ အခန်းကဏ္ဍသည့် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ်ခံယူ ထားပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင် ဒါရိုက်တာ ၊ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ရေး အထွေထွေရွေးကောက်ပွဲ ကွန် ရက်အဖွဲ့ဝင် ဦးနေလင်းစိုးနှင့် သြစတြေးလျသံရုံးမှ Charged Affairs Mr. Jeremy Kruse တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
(သတင်းစဉ်)