နေပြည်တော်  ၁၃  မေ

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conference ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။    

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းကော်မတီ အစည်းအဝေးတို့ကို ၂၀၁၈ ခုနှစ်မှစတင်၍ ကျင်းပခဲ့ရာ ယနေ့တွင် ပဉ္စမအကြိမ် ရှိပြီဖြစ်ပါကြောင်း၊ စတုတ္ထအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၁၉)ချက်ကို ချမှတ်နိုင်ခဲ့ပြီး ဆောင်ရွက်ပြီး (၁၂) ချက်၊ ဆောင်ရွက်ဆဲ (၅)ချက်နှင့် ဆောင်ရွက်ရန်ကျန် (၂)ချက်ရှိပါကြောင်း၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်သည့် ဆုံးဖြတ်ချက်တို့ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လိုပါကြောင်း၊ အမျိုးသားကော်မတီဖွဲ့စည်းပြီး နောက်ပိုင်းမသန်စွမ်းသူများဆိုင်ရာ အခွင့်အရေးများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် နှစ်ပတ်လည် အစီရင်ခံစာကိုလည်း ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် သည် မသန်စွမ်းသူများအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသောကြောင့် လက်ရှိ ဆောင်ရွက်နေသည့် ရှေ့ပြေးစီမံကိန်းနေရာများတွင် ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် Video Conference ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် တို့နှင့် ပူးပေါင်း၍ မသန်စွမ်းမှုအလိုက် အသိပညာပေးအစီအစဉ်များ၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ညှိနှိုင်း၍ မသန်စွမ်းသူများနှင့် ၎င်းတို့၏ အိမ်ထောင်စု (၆၆၅) စုအတွက် ငွေကြေးထောက်ပံ့ရန်စီစဉ်ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် မသန်စွမ်းသူ (၂)ဦးအတွက် ငွေကြေးထောက်ပံ့ခြင်း၊  ကိုဗစ်-၁၉ ကာလ အတွင်း မသန်စွမ်းသူများကို ချန်လှပ်ထားခြင်းမရှိစေရန် စီမံချက် ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလတွင်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများ ကို ပေါင်းစပ်ဆောင်ရွက်သော အမျိုးသားအဆင့်မဟာဗျူဟာ(၅)နှစ်စီမံကိန်း (National Strategic Plan in Mainstreaming the Rights of Persons with Disabilities) ကို အမြန်ဆုံး ရေးဆွဲချမှတ်နိုင်ရန် လုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီအသီးသီးမှ Core Group ဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို အားလုံးအကျုံးဝင်သည့် IEC Material များ အချိန်မီ ထုတ်ဝေဖြန့်ချိနိုင်ခဲ့ခြင်း၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးပူးပေါင်းကော်မတီ၏ တင်ပြချက်များနှင့်အညီ ထောက်ပံ့မှုများ အချိန်မီ ဆောင်ရွက်နိုင်ခြင်းတို့သည် မည်သူမှ မကျန်ရစ်စေရေးဆိုသည့်မူနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စတုတ္ထအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်အချက်အလက်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ 

 

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင် အသီးသီးက စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မသန်စွမ်းသူများ ကဏ္ဍအလိုက် လိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်မည့် အချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်