နေပြည်တော် စက်တင်ဘာ ၆
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေးရာဝန်ကြီး များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးများအား ပုံမှန်ခေါ်ယူကျင်းပရန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အမျိုးသားကော်မတီသို့ စုစည်းတင်ပြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ခံစားရသည့် မသန်စွမ်းသူများအား ကူညီထောက်ပံ့ပေး နိုင်ရေးနှင့် ပြန်လည်ထူထောင်ပေးနိုင်ရေးတို့အတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထား ရှိရန်လိုအပ်ကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် (၁၉)ခုတွင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မသန်စွမ်းအသင်းအဖွဲ့များ မှတ်ပုံတင် ရာတွင် အသေးစိတ်စိစစ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် Task Force ဖွဲ့စည်းပြီး SOP(မူကြမ်း) ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယအကြိမ် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာကို မကြာမီဖြန့်ဝေသွားမည်ဖြစ်ပြီး စတုတ္ထအကြိမ် နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ဝေနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ မသန်စွမ်းသူများအရေးဆောင်ရွက်ရာတွင် လည်း ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေး(၁/၂၀၂၃)၏ ဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဋအလိုက် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


