နေပြည်တော် ဩဂုတ် ၈
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့် မသန်စွမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းထားရှိကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅) နှစ် စီမံကိန်း (၂၀၂၂ - ၂၀၂၇) ကို သက်ဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌများ ဦးဆောင်၍ လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုဖြန့်ချိထားရှိပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများ အမှန်တကယ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် အကဲဖြတ် သုံးသပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို အသေးစိတ်စိစစ်နိုင်ရေးအတွက် SOP (မူကြမ်း) ရေးဆွဲနိုင်ရေး Task Force အဖွဲ့အား သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများဆိုင်ရာအချက်လက်များ တိကျမှန်ကန်မှုရှိစေရေးအတွက် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းကို စီမံကိန်းမြို့နယ် ၁၈ ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ စီမံကိန်းနယ်မြေ ခြောက်ခုတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိပြီးသူများကို မသန်စွမ်းထောက်ပံ့ကြေးများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ မသန်စွမ်း ကလေးသူငယ်များအတွက် ပုဂ္ဂလိကအထူးပညာသင် ကျောင်း/ ဌာန ၂၉ ကျောင်းအား တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး အဆိုပါကျောင်းများတွင် မသန်စွမ်းကလေးငယ်များအတွက် ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုများကိုလေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်၊ အတွင်းရေးမှူး(၁) ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


