သထုံ ၈ ဖေဖော်ဝါရီ  

 

မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းလွဲ ၃ နာရီခွဲက ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဆောင်ကာ မြသပိတ်တောင်ခြေရှိ နှီးဘုရားဓမ္မာရုံနံဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

တိမ်မြုပ်နေသည့် ရိုးရာအစဉ်အလာကို ပြန်လည်ဖော်ထုတ်ရန်နှင့် တပို့တွဲလပြည့်နေ့တွင် ပြုလုပ်မည့် မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာတော်များအား ထမနဲ ဆွမ်းများ လောင်းလှူနိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း မြသပိတ်စေတီတော်၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။

 

 “ထမနဲထိုးပြိုင်တာက သထုံမှာ ခေတ်ကာလအခြေအနေနဲ့ အားပေးထောက်ပံ့ကူညီမှုတွေ အားနည်းခဲ့လို့ နှစ်ပေါင်း ၂၀ ကျော်ခန့် ကွယ်ပျောက်နေခဲ့ရတယ်။ ဘုရားပွဲမှာ ပြန်ပြီးထည့်သွင်း ပြုလုပ်တာ ဒီနှစ်ပါဆို ငါးနှစ်ရှိပြီ” ဟု ၎င်းကပြောသည်။

 

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့များ၏ တူညီဝတ်စုံဝတ်ဆင်နိုင်မှု၊ အဖွဲ့လိုက် စည်းလုံးညီညွှတ်စွာ လုပ်ဆောင်နိုင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အရသာအကောင်းဆုံးပြုလုပ်နိုင်မှု၊ အမြန်ဆုံးထိုးနိုင်မှုတို့ အပေါ် အမှတ်များပေးကာ အကောင်းဆုံးအဖွဲ့အား ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက် ရေးအဖွဲ့မှ သိရသည်။

 

 “ထမနဲထိုးပွဲက ယှဉ်ပြိုင်တာထက် ကိုယ့်လုပ်အားနဲ့လည်း ကုသိုလ်ရတဲ့အတွက် အရမ်းကျေနပ်ဖို့ ကောင်းပါတယ်။ ဒီလိုအမွေကောင်းတစ်ခုကို နောင်လာနောက်သားတွေ အစဉ်ထိန်းသိမ်းပြီး ဆက်လုပ်သွားစေချင်တယ်” ဟု လိပ်အင်းရပ်ကွက်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူ တစ်ဦးက ပြောသည်။

 

မြို့လုံးကျွတ် ထမနဲထိုးပြိုင်ပွဲတွင် မြို့ပေါ် ၅ ရပ်ကွက်အပြင် စိတ်ပါဝင်စားသော လူမှုရေး အသင်းဖွဲ့များ စုစုပေါင်း ၁၄ ဖွဲ့တို့က လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသော အဖွဲ့များအား  ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ညနေပိုင်းတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် ထမနဲထိုးပြိုင်ပွဲမှရရှိလာသော ထမနဲများကို ဆွမ်းဆန်စိမ်း အလှူခံကြွရောက်မည့် သံဃာအပါး ၆၅၀ ကျော်အား လောင်းလှူဆက်ကပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေး အဖွဲ့မှ သိရသည်။

သက်ဦး(သထုံ)