ရန်ကုန် ၁၉ မတ် 

မြန်မာနိုင်ငံအတွင်း မုံရွာမြို့၏ အနောက်-အနောက်တောင်ဘက် (၄၅)မိုင်ခန့်အကွာ ဗဟိုချက်၊ အနက် (၇၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၅ ဒသမ ၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု မတ် (၁၈)ရက်  ညပိုင်းက လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွင်း ဇန်နဝါရီမှ မတ် ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင် (၂၈)ကြိမ်နှင့် အင်အားအသင့်အတင့်ရှိ မြေငလျင် (၄)ကြိမ် စုစုပေါင်းမြေငလျင် (၃၂)ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနခွဲ(နေပြည်တော်)မှ သိရသည်။

“မြေငလျင်ဆိုတာက ကာလမရွေးဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးတစ်ခုဖြစ်ပါတယ်။ တစ်ခြားသော သဘာဝဘေးလို ကြိုတင်ခန့်မှန်းတွက်ချက်လို့လည်း မရပါဘူး။ ဘယ်အချိန်ဘယ်အခါ အင်အားဘယ်လောက်နဲ့ လှုပ်မယ်ဆိုတာ တိတိကျကျ ခန့်မှန်းတွက်ချက်လို့မရတဲ့ သဘာဝဘေးတစ်ခုဖြစ်တဲ့အတွက်၊ ငလျင်ပြတ်ရွေ့ကြောတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ပညာပေးတွေ၊ ဗဟုသုတတွေ၊ အချက်အလက်တွေ စုဆောင်းပြီး သိရှိနားလည်ထားမယ်။ 

ကိုယ်သိရှိထားတာတွေကို မိသားစုတွေ၊ အနီးပတ်ဝန်းကျင်ကသူတွေကို မျှဝေထားခြင်းအားဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်’’ ဟု မြေငလျင်ဌာနခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးထွေးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ မြေငလျင်သတင်းထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံကုန်းတွင်းပိုင်း၌ မြေငလျင် (၆၉)ကြိမ်နှင့် ရန်ကုန်မြို့အောက်ဘက် အက်ဒမန်ပင်လယ်အတွင်းတစ်ကြိမ် စုစုပေါင်းငလျင် အကြိမ် (၇၀) လှုပ်ခတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြေငလျင် (၁၆၅)ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ယာယီမြေငလျင်စက် တပ်ဆင်ခြင်း၊ မြေငလျင်ဖြစ်နိုင်ခြေ အလားလာရှိသည့် ဒေသများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်း- မင်းသစ်(MNA)/ ဓာတ်ပုံ- မိုးဇလ)