ရန်ကုန် ၂၀ မေ

လပ်ကီးဆဲဗင်းရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်ကာ ဒါရိုက်တာခင်စောမျိုးရိုက်ကူး သည့် "မတစ်ထောင်တစ်ကောင်ဘွား" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံတွင် ပြသပြီး မေ ၂၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

"မတစ်ထောင် တစ်ကောင်ဘွား" ရုပ်ရှင်သည် စာရေးဆရာမင်းသိင်္ခ၏ အောင်မြင်သောဝတ္ထုကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး အဆိုပါဇာတ်ကားတွင် အကယ်ဒမီကျော်ရဲအောင်၊၊ အောင်ရဲလင်း၊ အကယ်ဒမီ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ထွန်းလွင်အောင်နှင့် ဘေဘီမောင်တို့ ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာခင်စောမျိုးက ဇာတ်ကားနှင့် ပတ်သက်၍ "ဒီဇာတ်ကားမှာ အောင်ရဲလင်းကို ရွေးချယ်ရတာတော့ တည်ငြိမ်တဲ့မင်းသားကို ရှာရတာကြောင့်ပါ။ ဒီဇာတ်ကားကို ပရိသတ်က အားပေးမယ်လို့ မျှော်လင့်ပါတယ်။ လာရောက်အားပေးကြပါလို့ပဲ ပြောချင်ပါတယ်။ အခြားအရာတွေ ဘေးဖယ်ပြီး နည်းနည်းလေး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်အောင် ပြသထားပါတယ်။ "မတစ်ထောင်တစ်ကောင်ဘွား" ကို ဦးညွန့်ဝင်းလည်း ရိုက်ခဲ့ဖူးသလို သီဟတင်စိုးလည်း ရိုက်ခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ တစ်မျိုးတစ်ဖုံဆန်းသစ်တဲ့ မတစ်ထောင်တစ်ကောင်ဘွားပါ " ဟု ပြောသည်။

အဆိုပါ ရုပ်ရှင်ကားသည် ကိုလိုနီခေတ် မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ပုံဖော်ရိုက်ကူးခြင်းဖြစ်ပြီး အကျင့်ပျက်ခြစား လာဘ်ပေးလာဘ်ယူသူများ၊ မြန်မာပြည်သူများအပေါ် ဖိနှိပ်ဒုက္ခပေးသော အာဏာရအရာရှိဆိုး၊ အာဏာရလူဆိုးများကို မတစ်ထောင်တစ်ကောင်ဘွား အမည်ခံလူငယ်က အမှန်တရားဘက်မှ ရပ်တည်၍ လိုက်လံသတ် ဖြတ်ခြင်း ဖြစ်သည်။

မတစ်ထောင်တစ်ကောင်ဘွား ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သူ အောင်ရဲလင်းက "တစ်ကောင်ဘွားက အရင်ခေတ်ကတော့ ပဝါစည်းတာပေါ့။ ရိုက်ကွင်းထဲမှာလည်း ကျွန်တော်လုပ်ကြည့်ပါတယ်။ ဒီဘက်ခေတ်နဲ့ကျတော့ နည်းနည်းရယ်စရာဖြစ်နေတယ်။ ဒါကြောင့် မျက်နှာဖုံးကို အဓိကထားရွေးချယ်ဖြစ်တာပါ။ ဒီကားကို အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်။

ကျွန်တော်တတ်နိုင်သလောက် အစွမ်းရှိသလောက် ပြင်ဆင်ပြီး ကြိုးစားထားတာပါ။ ဇာတ်ရုပ်ကလည်း နှစ်မျိုးဖြစ်တော့ တစ်ဖက်ကပုံစံကို တစ်ဖက်မထိခိုက်အောင် ပြင်ဆင်ထားပါတယ်။ ကြည့်တဲ့ပရိသတ်တွေအနေနဲ့လည်း ဒီကားလေးကို ကြည့်တဲ့အခါကြရင် အားလုံးသိကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်" ဟု ပြောသည်။

"မတစ်ထောင်တစ်ကောင်ဘွား" ရုပ်ရှင်တွင် မိုးကောင်းတစ်ဖြစ်လည်း မတစ်ထောင်တစ်ကောင်ဘွားအဖြစ် အောင်ရဲလင်း၊ နတ်ဆေးအဖြစ် ကျော်ရဲအောင်၊ မသက်ဆွေအဖြစ် ခိုင်သင်းကြည်၊ ဆားပုလင်းနှင်းမောင်အဖြစ် ထွန်းလွင်အောင်တို့က ပါဝင်သရုပ်ဆောင်ထားသည်။

ဆားပုလင်းနှင်းမောင်အဖြစ် သရုပ်ဆောင်ထားသူ ထွန်းလွင်အောင်က " ဆားပုလင်းနှင်းမောင်အဖြစ်ရိုက်တာ ဗီဒီယိုကော ရုပ်ရှင်ပါ ၁၀ ကားကျော်ပါပြီ။ ဇာတ်လမ်းဇာတ်ကွက်အနေနဲ့ ပီပီပြင်ပြင် မရခဲ့ဖူးဘူးပေမယ့် ဒီကားက အများဆုံးရတာ။ အောင်ရဲလင်းကလည်း တော်တော်လေးလုပ်ထားပါတယ်။ ဇာတ်ကို ပရိသတ်ကြိုက်တဲ့ ပုံဖြစ်အောင်ပြန်လှည့်ပါတယ်။ ကျွန်တော်တို့မှာ အားနည်းချက်တော့ရှိပါတယ်။ ဆက်တင်လိုအပ်ချက်ကအစပေါ့။ ပရိသတ်က အနုပညာကို ကြည့်ပြီး ချစ်တဲ့စိတ်နဲ့ အားပေးမယ်လို့ ထင်ပါတယ်။ အောင်ရဲလင်းက မတစ်ထောင်တစ်ကောင်ဘွား ဇာတ်ကောင်ပေါ်မှာ စိတ်ကိုနှစ်ထားတယ်။ အတတ်နိုင်ဆုံးဇာတ်ကောင်စရိုက်နဲ့ ညီအောင်လုပ်ထားတယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

မသက်ဆွေအဖြစ် သရုပ်ဆောင်သူ ခိုင်သင်းကြည်က " မတစ်ထောင်တစ်ကောင်ဘွားက အဓိကအောင်ရဲလင်းတို့၊ ကိုနိုင်ကြီး (ကျော်ရဲအောင်)တို့ဇာတ်ပါ။ မခိုင်ကတော့ ဒီကားမှာ အများကြီးမပါပါဘူး။ အောင်ရဲလင်းက ဒီကားမှာ သူနဲ့ တော်တော် လိုက်တယ်ပေါ့။ ထွန်းလွင်အောင်ကလည်း ဆားပုလင်းဇာတ်ကောင်နဲ့ ရိုက်ဖူးပြီးသားမို့ ပြောစရာ မလိုပါဘူး။ ကိုယ့်ဇာတ်မဟုတ်ပေမယ့် ဆရာကြီးမင်းသိင်္ခဝတ္ထုကို ပြန်ရိုက်တဲ့ကားဆိုတော့ ကိုယ်လည်းပါဝင်ချင်တယ်။ နောက်အငယ်ဘဝ၊ အကြီးဘဝနှစ်ခုခွဲလုပ်ရမယ်ဆိုတော့ အဲဒါလေးလည်း စိတ်ဝင်စားပြီး ကိုယ့်ရဲ့အခန်းနည်းပေမယ့် ပါဝင်ဖြစ်တာပါ။ ဇာတ်ကားက ဟာသကားမဟုတ်သလို ဒရမ်မာလိုအငြိမ်လည်း မဟုတ်ဘူး။ ကြည့်တဲ့သူတွေ အဆင်ပြေမှာပါ" ဟုပြောသည်။

မေလတတိယပတ်မှ စတင်၍ ရုံတင်ပြသသွားမည့် ဇာတ်ကားများမှာ  ငါ့ကိုနမ်းတဲ့မုန်တိုင်း၊ မတစ်ထောင်တစ်ကောင်ဘွား၊ မေတ္တာထားတာအဟုတ်ကိုပဲ၊ ဖိုးရှိတ်နှင့် ဥပါယ်ဒါန်တို့ ဖြစ်သည်။

သတင်း…ညွန့်ကိုကို ၊ ဓာတ်ပုံ..ရဲထွဋ်