ကြာအင်းဆိပ်ကြီး ၁၂  မတ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်မှစတင်ပြီး စာစစ်ဌာန (၅) ခုဖြင့် ဖြေဆိုကျင်းပလျက်ရှိသည်။ အဆိုပါတက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်အား ဖြေဆိုပြီး ရပ်ဝေးကျေးရွာများမှ ကျောင်းသားကျောင်းသူများသည် မိမိသို့တည်းခိုရာသို့ ပြန်လည်အနားယူချိန်တွင် ကျောင်းသားတစ်ဦးမှာ မတော်တဆချော်လဲပြီး ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 

၎င်းကျောင်းသားမှာ ကျုံခဝန် ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ စောမောင်နိုင်ကို လအ-၅၁၆ ဖြစ်ပြီး တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုနေသော ကျောင်းသားဖြစ်ကြောင်းသိရသည်။

 

အဆိုပါကျောင်းသား ခြေထောက်ဒဏ်ရာရရှိမှုကြောင့် တံခွန်တိုင် တိုက်နယ်ဆေးရုံတွင် ပြသကုသခဲ့ပြီး တိုက်နယ်ဆရာဝန်မှ ဆေးစာဖြင့်မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခခဲ့သည်။

 

၎င်းကျောင်းသားအား ယနေ့အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနိုင်ရေး ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်းကာ ညှိနှိုင်းဆောင်ရွက်ပြီး မော်လမြိုင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ တာဝန်ရှိသူများက မေးခွန်းနှင့် အဖြေလွှာများကို အဆင်ပြေစွာဖြေဆိုနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းထံမှ သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်