ပုသိမ် ဖေဖော်ဝါရီ ၄

 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြတ်မော်တင်စေတီတော်မြတ်သို့ ရောက်ရှိရာ ကျိုင်းတုံမြို့ ဓမ္မသုခကျောင်းတိုက် ဆရာတော်နှင့် မြတ်မော်တင်ကျောင်းတိုက် ပဓာန နာယက ဆရာတော်တို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားသည်။

 

ထို့နောက် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဟိုင်းကြီးကျွန်းမြို့ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဆန်နှင့် ဆီများပေးအပ်ကာ မြတ်မော်တင်ဘုရား ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ယမန်နေ့ကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပုသိမ်မြို့ ရွှေပုသိမ်ဧည့်ရိပ်သာ၌ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

တွေ့ဆုံစဉ် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးနှင့် ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ တိုင်းဒေသကြီး ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများအပြင် ပဲပုပ်-ပဲကြီးရောနှောဧက တစ်သိန်း စိုက်ပျိုးမှု၊ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု၊ ရပ်နားထားသည့်စက်ရုံအလုပ်ရုံများ လည်ပတ်နိုင်ရေး၊ ပီလောပီနံထုတ်လုပ်မှုတွင် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းနေမှုများ၊ ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်မှုများ၊ အားကစားကဏ္ဍ တိုးတက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားပြီး မြို့မိမြို့ဖများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ (ပုသိမ်) သင်တန်းသားဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)