မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

ရှေးယခင်အခါက မြန်မာလူမျိုးတို့၏ ပန်းဆယ်မျိုး အတတ်ပညာရပ်ထဲတွင် မှန်စီရွှေချ အတတ်ပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ဤအတတ်သည် အနုစိတ်လက်မှု အနုပညာဖြစ်သည့်အလျောက် တတ်မြောက်သူများလည်း ရှားပါးသည်။ မှန်စီရွှေချပညာရပ်သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဘုရားကျောင်းကန်များ၏ မျက်နှာကြက်များ၊ မုခ်ဦးတန်ဆောင်းများ၊ မင်းခမ်းမင်းနားအသုံးအဆောင်များ၊ ပလ္လင်နောက်ခံ ဒီဇိုင်းဆင်ယင်မှုများမှာ ကြွကြွလှလှ နေရာယူခဲ့သည့် မြန်မာမှုအနုလက်ရာ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ တန်ခိုးကြီးဘုရားများ၏ တန်ဆောင်းပြာသာဒ်များ၊ ဘုရားပလ္လင်တော်နှင့် ဂန္ဓကုဋီတိုက်နံရံများတွင်လည်းကောင်း အရောင်အမျိုးမျိုးရှိသည့် ဖန်စမှန်စတို့ဖြင့် စီခြယ်ထားသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ဤသို့ မှန်ကျောက်တို့ဖြင့် စီမံခြယ်လှယ်ခြင်းကို ရှေးမြန်မာဘုရင်များ၏ နန်းတော်များနှင့် ဘုရား၊  ကျောင်း စသော သာသနိကအဆောက်အအုံများ၌ အထူးပြုလုပ်ခဲ့ကြသည်။

 

mdn

 

ရှေးနှစ်ပေါင်းများစွာကတည်းကပင် ပေါ်ပေါက်

 

ဤမှန်ကျောက်စီပညာသည် ယခုခေတ်မှသာ  ပေါ်ပေါက်လာသည်မဟုတ်ဘဲ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ပေါ်ပေါက်ခေတ်စားခဲ့သည်။ မှန်စီရွှေချ ပညာရပ်သည် ၁၆ ရာစုဝန်းကျင် ညောင်ရမ်းခေတ်၊ အမရပူရခေတ်၊ အင်းဝခေတ်ကာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး မှန်ကြမ်းစီရွှေချနှင့် မှန်စီရွှေချဆိုပြီး နှစ်မျိုးနှစ်စား ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ မှန်ကြမ်းစီရွှေချဆိုသည်မှာ အရွယ်အစား တစ်လက်မထက် ပိုကြီးသောမှန်များကို ခပ်ကြီးကြီးဖြတ်ပြီး အနုမစိတ်ဘဲ ခပ်ကြမ်းကြမ်းစီထားသော လက်ရာများကို ခေါ်ခြင်းဖြစ်သည်။ ဘုရားစောင်းတန်းများ၊ မုခ်ဦးများမှာ တွေ့ရလေ့ရှိသော အရောင်တဖျပ်ဖျပ် မှန်စီရွှေချလက်ရာများသည် မှန်ကြမ်းစီရွှေချလက်ရာများပင် ဖြစ်သည်။

 

မှန်ဇုစီရွှေချဆိုသည်မှာ မှန်အကြည်ကိုသုံးခြင်းမဟုတ်ဘဲ အနောက်ဘက်တွင် ပြဒါးသုတ်ထားသော ကြည့်မှန်ကဲ့သို့ မှန်မျိုးနှင့် ရွဲလုံးများကို လိုအပ်သလို အသေးစိတ်ဖြတ်ကပ်ကာ သရိုးပန်းခင်းရုပ်ကြွများနှင့် ပံ့ပိုးထားသည့် အင်မတန်မှ အနုစိတ်သော ပညာရပ်တစ်ခုဖြစ်သည်ဟု မြန်မာမှုဗိသုကာ ပညာရှင် ဦးဝင်းမောင်(တမ္ပဝတီ)က ပြောသည်။ မြန်မာမှု အနုလက်ရာ မှန်စီရွှေချပညာရပ်သည် ၁၆ ရာစုအစောပိုင်းတွင် ပေါ်ပေါက်ခဲ့သော်လည်း လက်ရာအများစုမှာ ပျောက်ကွယ်ပျက်စီးခဲ့ပြီး ၁၉ရာစုဝန်းကျင် ရတနာပုံခေတ်လက်ရာတချို့ကိုသာ တွေ့ရှိနိုင်တော့သည်ဟု ဦးဝင်းမောင် (တမ္ပဝတီ)က ပြောသည်။ အနည်းစုသာ ကျန်ရှိတော့သည့် ၁၉ ရာစုဝန်းကျင်ရတနာပုံခေတ် မှန်စီရွှေချလက်ရာများကို မန္တလေးမြို့ နန်းတွင်းပြတိုက်မှ ရတနာပုံခေတ် ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်များ ပြသထားသောအဆောင်၌ ထိန်းသိမ်းထားရှိသည်။ အင်မတန်အနုစိတ် ရှေးကျ၍  ပညာသားပါလှသော အမရပူရခေတ် မှန်စီရွှေချလက်ရာများကို မန္တလေးမြို့ ၂၆ လမ်းပေါ်မှ ရမည်းသင်းကျောင်းတိုက်တွင် တွေ့နိုင်ပေသည်။ ၁၆ ရာစုဝန်းကျင်မှ ရှေးမြန်မာမင်းတို့၏ မှန်စီရွှေချ အသုံးအဆောင်ပစ္စည်းများသည် ကျောက်မျက်ရတနာ အစစ်များဖြင့် ဖန်တီးစီခြယ်ခဲ့သော်လည်း ကုန်းဘောင်ခေတ်နောက်ပိုင်း မှန်စီရွှေချလက်ရာများကို မှန်များနှင့်သာ ဖန်တီးစီခြယ်ခဲ့ကြသည်။ ထိုကဲ့သို့ ဖန်တီးထားသောနေရာများတွင် ရွဲလုံးများကို မိမိလိုချင်သော ဖြူ၊ နီ၊ ဝါ၊ ပြာ စသော အရောင်ထည့်ပြီး ခဲပိတ်ကာ  ရောင်စုံမှန်များအဖြစ် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

mdn

 

သစ်စေးနှင့် သရိုးကို အခြေခံ

 

ယွန်းထည်လုပ်ငန်းနှင့် ဆက်စပ်နေသော မြန်မာလက်မှုအနုပညာတစ်ရပ်မှာ မှန်စီရွှေချလုပ်ငန်းဖြစ်သည်။ မှန်စီရွှေချအတတ်သည် ယွန်းထည်၊ သစ်ပန်းပုထည်များကို  ဆက်လက်မွမ်းမံသောလုပ်ငန်း ဖြစ်သည်။ ယွန်းထည်ကို မှန်စီရွှေချလုပ်ကိုင်ရာ၌ ယွန်းထည်၏ လုပ်ငန်းအဆင့်ဆင့်အတိုင်း သစ်စေးနှင့် အရိုးကို အခြေခံအသုံးပြုရသည်။ ထိုလုပ်ငန်းတွင် အပိုင်းငါးပိုင်းခွဲခြားထားရာ

 

(၁)ပြာတင်၊ ကျောက်တိုင်၊ သစ်စေးသုတ်ခြင်း

(၂) ကြိုးခင်းခြင်း

(၃) ပန်း၊ အရုပ်ဖော်ခြင်း

(၄) မှန်စီခြင်းနှင့်

(၅) ရွှေချခြင်း တို့ ဖြစ်ကြသည်။

 

မှန်စီရွှေချပြုလုပ်မည့် အထည်များကို ရှေးဦးစွာ  အချောတိုက်ပေးရသည်။ စောင်းကဲ့သို့ ပစ္စည်းမျိုးဆိုလျှင် စပါးဖွဲကြမ်းကိုပြာချ၍ သစ်စေးစိမ်းနှင့်ရောကာ အထည်တစ်ခုလုံးကို သုတ်ပေးရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ပြာတင်သည်ဟု ခေါ်သည်။ အချို့အထည်များကိုမူ သစ်စေး သုတ်လိုက်၊ ပြာဖြူးလိုက်ဖြင့် တစ်ထပ်စီ ပြာတင်ခြင်းပြုရသည်။ သစ်သားပန်းပုထည်များကိုမူ သစ်သားရှိအနာအဆာပေါက်များ ပိတ်ဆို့ချောမွေ့သွားစေရန် သုံးဦးစပ်ဖြင့် ဆေးပေးရသည်။ သုံးဦးစပ်ဆိုသည်မှာ သစ်စေးစိမ်း၊ လွှစာမှုန့်နှင့် ထမင်းရည်တို့ကို သုံးမျိုးစပ်၍ ထောင်းတေထားခြင်းဖြစ်ပြီး ထောင်းသရိုးဟုလည်း ခေါ်ကြသည်။ ကျောင်းသရိုးနှင့် ဆေး၍လည်းကောင်း၊ ပြာတင်ပြီးလျှင်လည်းကောင်း သစ်စေးအိပ်စေရန် တိုက်သွင်းရသည်။ သစ်စေးအိပ်လောက်သည့်ရက်တွင် ပြန်ထုတ်၍ ကျောက်တိုက်ရသည်။ ကျောက်တိုက်သည်ဆိုသည်မှာ ကျောက်ပွဖြင့် ချောစားပေးခြင်းဖြစ်လေသည်။ အထည်ကောင်းသည်ထက် ကောင်းစေလိုလျှင် ကျောက်တိုက်ပြီးလျှင် တစ်ဖန်ပြန်၍ သစ်စေးသုတ်ပေးရပြန်သည်။ ထို့ပြင် ကြိုးခင်းခြင်းသည် သရိုးကြိုးကို သစ်စေးအခံပေါ်တွင် လက်သည်းစောင်းဖြင့်နှိပ်၍ လက်ယာမှ လက်ဝဲသို့ တစ်စတစ်စ ကပ်ပေးသွားရခြင်းဖြစ်သည်။ တန်းကြိုးများသည် ပန်းများကို တစ်ကန့်စီ နယ်နိမိတ် သတ်မှတ်ပေးရသည်။

 

အရုပ်များဖော်မည်၊ မှန်များစီမည်ဆိုလျှင် ကြိုးခင်း ကတည်းကပင် တိုင်းတာ၍ နေရာသတ်မှတ်ချန်လှပ်ထားရသည်။ မှန်မစီဘဲ ပန်းချည်းသက်သက်ဖော်ထားလျှင် ကြိုး ခင်းသည်ဟု ခေါ်သည်။ ဖြတ်ထားပြီးမှန်ချပ်ကလေးများကိုထိပ်တွင် သရိုးအနည်းငယ်ပါသော တုတ်ကလေးဖြင့် တို့ယူပြီးနောက် ကြိုးခင်းသူ ချန်လှပ်ထားသောနေရာများတွင် သစ်စေးအခံပေါ်၌ ကပ်ပေးရသည်။ ဆစ်တန်းဟု ခေါ်သောမှန်ကလေးများသည် အလျားရှည်၍ အနံတိုသည်။ မှန်ကလေးများဖြင့် အပွင့်ပြုလုပ်လျှင် ခြယ်သည်ဟု ခေါ်သည်။ အပွင့်ခြယ်ရာ၌ အလယ်တွင် ကျောက်ပြာထည့်လျှင် ဘေးမှကျောက်ဖြူဖြင့် ရံပေးရသည်။ ပုလဲ၊ ပလာဖြူ၊ ပြောင်ပြာ၊ မန်းကျည်းရွက်၊ ခြောက်ကွက်တွက်စသည်ဖြင့်ကျောက်တုမျိုးစုံရှိသည်။ အစီအခြယ်သမားများသည် အသွေးအရောင် လိုက်လျောမှု၊ တောက်ပမှုတို့ကို နားလည် ၍ ပန်းချီမျက်စိရှိရန် လိုလေသည်။ ။

 

mdn

 

ကြိုးဖုံးရည်သုတ်ပေးရ

 

မှန်မစီဘဲ ကြိုးနုခင်းသည့် ယွန်းထည်ဖြစ်လျှင် ကြိုးခင်းပြီး၍ သုံးလေးရက်အတွင်း ကြိုးဖုံးရည် သုတ်ပေးရသည်။ သို့မှသာ ပန်းများခိုင်မြဲသည်ဟု ဆိုသည်။ မှန်စီထည်ဖြစ်လျှင် မှန်ဖုံးရည်သုတ်ရသည်။ သို့မှသာ ရွှေချပြီးသောအခါ မှန်ခွာ၍လွယ်သည်။ ကြိုးဖုံးရည်၊ မှန်ဖုံးရည်တို့သည် သစ်စေးကို ရေရောထားခြင်းဖြစ်သည်။ ထိုအရည်များ သုတ်ပြီးလျှင် တိုက်သွင်း၍ အိပ်အောင်ထားရသည်။ အရောင်ရည်များ ထပ်တလဲလဲသုတ်၍ စိတ်ကြိုက်အရောင် တက်လာသောအခါ နောက်ဆုံးဖြစ်သော ရွှေခံရည်ကို သုတ်ရသည်။ ရွှေခံရည်သည်စံကားဝါရောင်ဆေးကို ရေနွေးဖျော်၍ သစ်စေးနှင့် ရောထားခြင်းဖြစ်သည်။ ရွှေခံရည် မသုတ်မီ သစ်စေးသုတ်ပြီးတိုင်း တိုက်သွင်းရသည်။ မြေတိုက်မှထုတ်တိုင်း ပန်းများလွတ်သော နေရာပြောင် ကွက်လပ်များကို ကျောက်တိုက်ပေးရသည်။ ရွှေခံရည် သုတ်ပြီးလျှင်မူ ကျောက်မတိုက်ရတော့ပေ။

 

ရွှေခံရည်အိပ်သောအခါ ရွှေချမည့်နေရာလွတ်ဟူသမျှ ကို ဟင်္သာပြဒါးနှင့် သစ်စေးရော၍ သုတ်ရသည်။ သစ်စေး၏ သဘာဝမှာ သစ်စေးစစ်လျှင်ကျို၍ ရေရောလေပျစ်လေဖြစ်သည်။ ရွှေချမည့်သစ်စေးမှာ အစေးနည်းရန် ရေရောထားသဖြင့် အလွန်ပျစ်သည်။ ယင်းကိုဂွမ်းဖြင့်တို့ယူ၍ ရွှေချမည့်  နေရာများတွင် သုတ်ပေးရသည်။ ဂွမ်းနှင့်တို့မရသည့် နေရာများကို ဝက်မွေးစုတ်တံနှင့်ခပ်ပေးရသည်။ ထို့နောက်ထိုနေရာများတွင် သစ်စေးပြောင်သွားအောင် ဂွမ်းဖြင့်ပင်ပွတ်ပေးရသည်။ ယင်းသို့ သစ်စေးကိုဂွမ်းဖြင့် သုတ်ပြန်၍ပွတ်ခြင်းကို  အသုတ်အနုတ်ပြုသည်ဟု ခေါ်သည်။ စင်စစ်အားဖြင့် ရွှေချ ခြင်းသည် သစ်စေးအငွေ့ လေးမျှဖြင့် ကပ်နေစေခြင်း ဖြစ်သည်။

 

တစ်မျိုးတစ်ဖုံ ခန့်ညားတင့်တယ်

 

သစ်စေးသုတ်နုတ်ထားသော နေရာများတွင် ရွှေဆိုင်းပြားများကို တစ်ခုချင်းစီ၍ ကပ်သည်။ ဂွမ်းဖြင့်ဖိပေးသည်။  ရွှေပေါက်သောနေရာများကို ဖာထေးရသည်။ ရွှေအဆိုင်းလိုက်မဝင်သော ပန်းများနေရာတွင် နွားနားမွေးစုတ်ဖြင့် ရွှေကိုတို့ယူရသည်။ ပြီးနောက် ဖြူစင်သောဂွမ်းဖြင့် ရွှေထားပြီးသော နေရာများကို ခပ်ဖွဖွပွတ်ပေးခြင်းဖြင့် ရွှေရောင် ဝင်းလက်တောက်ပြောင်စေလေသည်။ မှန်စီရွှေချရာတွင်အောက်ခံယွန်းထည် သစ်သားထည်များကို အပေါက်အပြဲ၊ အဖုအထစ်မရှိရအောင် ဖာထေးပြုပြင်ရသည်။ ပြီးလျှင်ရွှေကိုင်သော ပန်းကလေးရသည်ပေးသည်။

 

သစ်စေး၊ သရိုးနှင့် အခံရည်တို့ကို အထပ်ထပ်သုတ်ပေး ခြင်းဖြင့် အောက်ခံအထည်များကို ပိုးမွှားဖျက်ဆီးခြင်း၊ ရာသီဥတုဒဏ်ခံရခြင်းတို့မှ ကာကွယ်ပေးသည်။ ထို့ကြောင့် မှန်စီရွှေချခြင်းသည် ယွန်းပညာရှင်၊ ပန်းပုပညာရှင်တို့၏ လက်ရာများကို ကာလရှည်ကြာစွာ ခိုင်ခံ့စေသည်။ ရွှေရောင် မှန်ရောင်တဝင်းဝင်းဖြင့် တစ်မျိုးတစ်ဖုံ ခန့်ညားတင့်တယ် စေပေသည်။

 

ယနေ့ခေတ်မှာတော့ မှန်စီရွှေချလက်ရာအများစု၏ မှန်များသည် ရွဲလုံးများနှင့်ဖန်တီးထားသော မှန်များမဟုတ်ဘဲ ရောင်စုံမှုတ်ဆေးများခြယ်သထားသော မှန်များပင်ဖြစ်သည်။ မှန်နောက်တွင် ခဲပိတ်သည်မျိုးမရှိတော့ဘဲ ခဲပိတ်သောနေရာ၌ ခဲရောင်မှုတ်ဆေးကို အသုံးပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် မှန်၏အရည်အသွေးကို နိမ့်ကျသွားသကဲ့သို့ တာရှည်ခံမှုမှာလည်း ကွာခြားသွားသည်။ ရှေးယခင်  ခေတ်ကာလ မှန်စီလက်ရာမှန်များသည် ယခုခေတ်အထိ အဝတ်နဲ့တိုက်လိုက်ရင် ပြောင်လက်သွားသည်။ ယခုခေတ်မှာ ၎င်းမှန်မျိုးကို မရတော့ချေ။ ယခုခေတ်တွင် မှန်စီလက်ရာ ကောင်းကောင်းလုပ်ချင်ပါက ယခင် မှန်စီလက်ရာများထဲမှ ဟောင်းနွမ်းစုတ်ပြတ်၍ မသုံးတော့သော ပစ္စည်းဟောင်းများကို ရှာဖွေစုဆောင်းရသည်။ ထို့နောက်မှ ကိုယ်ဖန်တီးမှု လက်ရာများတွင် ပြန်လည်ထည့်သွင်း လုပ်ကိုင်ကြသည်။

 

၁၉၇ဝ ပြည့်နှစ် ဝန်းကျင်ခန့်က ခေတ်စားသောမှန်ကို  လိုအပ်သလို အဝိုင်း၊ လေးထောင့်၊ ဆနွင်းမကင်းပုံဖြတ်ပြီး  အင်္ဂတေနှင့်ကပ်သောပညာရပ်များသည် ယနေ့ခေတ်၌ လုပ်ကိုင်သူနည်းပါးလာသည်။ ၎င်းပညာရပ်သည် မှန်နုစီ ရွှေချပညာရပ်လောက် အနုမစိတ်သော်လည်း ပညာသား ပါသောပညာရပ်တစ်ခုဖြစ်သည်။ လက်ရာမြောက်သော မှန်ကြမ်းစီ ရွှေချနံရံတစ်ချပ်သည် ပန်းချီကားတစ်ချပ်ကဲ့သို့  လှပသေသပ်အောင် ဖန်တီးလုပ်ဆောင်ရသော ပညာရပ်ဖြစ်သည်။

 

mdn

 

 

မှန်ကြမ်းစီရွှေချ နံရံတစ်ချပ်ဖြစ်လာရန် မှန်မစီခင်၌  လိုအပ်သောဒီဇိုင်းပုံကြမ်းကို ဦးစွာဆွဲပြီး မည်သည့်နေရာတွင် မှန်ဝိုင်းသုံးမည်၊ မည်သည့်နေရာတွင် မှန်လေးထောင့် သုံးမည်၊ မည်သည့်နေရာတွင် မှန်အနီရောင်သုံးမည်။  မည်သည့်နေရာတွင် အဝါရောင်သုံးမည်၊ မည်သည့်နေရာတွင် အရောင်မပါသောမှန်သုံးမည်၊ မည်သည့်နေရာကို ကနုတ်လုပ်ထားမည်၊ ထိုကနုတ်အတိုင်း မှန်နှင့်ပုံဖော်ရမည်  ဆိုသည်များကို တွက်ချက်ရခြင်းဖြစ်သည်။ ကြာရှည်ခံအောင် အင်္ဂတေကို အချိုးကျဖော်စပ်ရသည်။ အင်္ဂတေ ဖော်စပ်မှုမကောင်းလျှင် မှန်စီလက်ရာမည်မျှကောင်းကောင်း ကြာရှည်ခံရန် မလွယ်ကူလှပေ။ မှန်စီသောနေရာတွင် စကေးမှာအဓိကကျလှသည်။ မှန်မစီမီ ကြိုတင်တွက်ထားရသည်။ မိမိတွက်ထားသောစကေးအတိုင်း မှန်စီသောအခါ တိကျရန်လိုသည်။ မှန်စီသမားမှာ အင်္ဂတေမစိုမခြောက်၌ မည်သည့်အနေအထားလောက်တွင် ကပ်ရမည်ဆိုသည်ကို သိရှိထားရန်လိုပေသည်။ အင်္ဂတေနှင့် မှန်ကြမ်းစီသော နေရာတွင် ယခင်ခေတ်ကာလမှ မှန်စီဆရာများသည် မှန်ကောင်းရစေရန် ပြဒါးကို ကိုယ်တိုင်သုတ်ပြီး စီကြခြင်းဖြစ်ပြီး အနောက်ဘက်မှ ပြဒါးထူသည့်အတွက် မှန်မှာလည်း ပို၍ တာရှည်ခံသည်။ ။

 

ထိန်းသိမ်းစောင့်ရှောက်

 

ယနေ့ခေတ်တွင် မှန်စီဆရာများက မှန်ကိုကိုယ်တိုင် မလုပ်ကြတော့ဘဲ အသင့်သုံးမှန်များကိုအသုံးပြုပြီး ပြဒါးကိုလည်း ခပ်ပါးပါးသာ အသုံးပြုသည့်အတွက် တာရှည်မခံနိုင်ပေ။ မှန်စီရွှေချထည်များ၌လည်း ခြူးပန်းခြူးနွယ်များ၊ ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားအရုပ်များ၊ ဂဠုန်၊ နဂါး အစရှိသောအရုပ်များဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ရှုချင်စဖွယ် မွမ်းမံတန်ဆာဆင်ထားသည်။ ထို့ကြောင့် ယဉ်ကျေးမှုအနုပညာသရုပ်ပြ ယွန်းထည်၊ မှန်စီ ရွှေချထည်များကား အလွန်လက်ဝင်လှသည်။ အနုစိတ်လှသည်။ လုပ်ငန်းကျယ်ပြန့်သည့်အလျောက် အချိန်ကုန်ပေသည်။ ထိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ပညာရှင်များမှာ စိတ်ပါဝင်စားပြီး ဘက်စုံကျွမ်းကျင်လိမ္မာမှု ရှိနေရန်လည်း လိုအပ်ပေသည်။ မှန်စီရွှေချလုပ်ငန်းသည် မြန်မာနိုင်ငံရှိရိုးရာလုပ်ငန်းများထဲတွင် မြတ်နိုးတန်ဖိုးထားစရာ လက်မှုလုပ်ငန်းဖြစ်သည့်အတွက် ယခုကဲ့သို့ ထိန်းသိမ်းထားနိုင်သည်မှာ ချီးကျူးဖွယ်ရာ ဖြစ်သည်။ ဆက်လက်၍လည်း မှန်စီရွှေချပညာရှင်များနှင့် ၎င်းတို့၏ အနုလက်ရာများကို မြန်မာ့မြေပေါ်တွင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ထားကြရမည် ဖြစ်ပါတော့သည်။

 

ကိုးကား

မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၀) - https://myanmar.mmtimes.com/ news/104319.html