၁၀ မတ်
ရှေးယခင်အခါက မြန်မာလူမျိုးတို့၏ ပန်းဆယ်မျိုး အတတ်ပညာရပ်ထဲတွင် မှန်စီရွှေချ အတတ်ပညာသည် လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ဤအတတ်သည် အနုစိတ်လက်မှု အနုပညာဖြစ်သည့်အလျောက် တတ်မြောက်သူများလည်း ရှားပါးသည်။ မှန်စီရွှေချပညာ ရပ်သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဘုရား ကျောင်းကန်များ၏ မျက်နှာကြက်များ၊ မုခ်ဦးတန်ဆောင်း များ၊ မင်းခမ်းမင်းနားအသုံးအဆောင်များ၊ ပလ္လင်နောက်ခံ ဒီဇိုင်းဆင်ယင်မှုများမှာ ကြွကြွလှလှနေရာယူခဲ့သည့် မြန်မာမှုအနုလက်ရာတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအရပ် ရပ်ရှိ တန်ခိုးကြီးဘုရားများ၏ တန်ဆောင်းပြာသာဒ်များ၊ ဘုရားပလ္လင်တော်နှင့် ဂန္ဓကုဋိတိုက် နံရံများတွင်လည်းကောင်း အရောင်အမျိုးမျိုးရှိသည့် ဖန်စမှန်စတို့ဖြင့် စီခြယ်ထားသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ဤသို့ မှန်ကျောက်တို့ဖြင့် စီမံခြယ်လှယ်ခြင်းကို ရှေးမြန်မာ ဘုရင်များ၏ နန်းတော်များနှင့် ဘုရား၊ ကျောင်းစသော သာသနိကအဆောက်အအုံများ၌ အထူးပြုလုပ်ခဲ့ကြသည်။
မှန်ကြမ်းစီရွှေချလက်ရာ
ဤမှန်ကျောက်စီပညာသည် ယခုခေတ်မှသာ ပေါ်ပေါက်လာသည်မဟုတ်ဘဲ ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် ပေါ်ပေါက်ခေတ်စားခဲ့သည်။ မှန်စီရွှေချ ပညာရပ်သည် ၁၆ ရာစု ဝန်းကျင် ညောင်ရမ်းခေတ်၊ အမရပူရခေတ်၊ အင်းဝခေတ်ကာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး မှန် ကြမ်းစီရွှေချနှင့် မှန်နုစီရွှေချဆိုပြီး နှစ်မျိုးနှစ်စား ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ မှန်ကြမ်းစီရွှေချ ဆိုသည်မှာ အရွယ်အစား တစ်လက်မထက်ပိုကြီးသော မှန်များကို ခပ်ကြီးကြီးဖြတ်ပြီး အနုမစိတ်ဘဲ ခပ်ကြမ်းကြမ်းစီထားသော လက်ရာများကို ခေါ်ခြင်းဖြစ်သည်။ ဘုရားစောင်း တန်းများ၊ မုခ်ဦးများမှာ တွေ့ရလေ့ရှိသော အရောင် တဖျပ်ဖျပ် မှန်စီရွှေချလက်ရာများသည် မှန်ကြမ်းစီရွှေချ လက်ရာများပင် ဖြစ်သည်။
မှန်အကြည်ကိုသုံးခြင်းမဟုတ်ဘဲ အနောက်ဘက်တွင် ပြဒါးသုတ်ထားသော ကြည့်မှန်ကဲ့သို့ မှန်မျိုးနှင့် ရွဲလုံးများ ကို လိုအပ်သလို အသေးစိတ်ဖြတ်ကပ်ကာ သရိုးပန်းခင်း ရုပ်ကြွများနှင့် ပံ့ပိုးထားသော အင်မတန်မှအနုစိတ်သော ပညာရပ်တစ်ခုဖြစ်သည်ဟု မြန်မာမှုဗိသုကာပညာရှင် ဖြစ်သော ဦးဝင်းမောင် (တမ္ပဝတီ)မှ ပြောခဲ့သည်ဟု သိရှိရ ပါသည်။ မြန်မာမှုအနုလက်ရာ မှန်စီ ရွှေချ ပညာရပ်သည် ၁၆ ရာစုအစောပိုင်းတွင် ပေါ်ပေါက်ခဲ့သော်လည်း လက်ရာ အများစုမှာ ပျောက်ကွယ်ပျက်စီးခဲ့ပြီး ၁၉ ရာစုဝန်းကျင် ရတနာပုံခေတ်၌ လက်ရာတချို့ကိုသာ တွေ့ရှိနိုင်တော့ သည်ဟု ဦးဝင်းမောင်(တမ္ပဝတီ)မှ ပြောခဲ့သည်။ အနည်းစု သာ ကျန်ရှိတော့သည်ကို ၁၉ ရာစုဝန်းကျင် ရတနာပုံ ခေတ် မှန်စီရွှေချလက်ရာများကို မန္တလေးမြို့ နန်းတွင်းပြတိုက်မှ ရတနာပုံခေတ် ဝတ်စားဆင်ယင်မှုနဲ့ အသုံး အဆောင်များပြသထားသောအဆောင်တွင် ထိန်းသိမ်း ထားရှိသည်။ အင်မတန်အနုစိတ်ကာ ရှေးကျ၍ပညာသားပါ လှသော အမရပူရခေတ် မှန်စီရွှေချလက်ရာများကို မန္တလေးမြို့ ၂၆ လမ်းပေါ်မှ ရမည်းသင်းကျောင်းတိုက်တွင် တွေ့နိုင်ပေသည်။ ၁၆ ရာစုဝန်းကျင်က ရှေးမြန်မာမင်း တို့၏ မှန်စီရွှေချအသုံးအဆောင်ပစ္စည်းများသည် ကျောက်မျက်ရတနာအစစ်များနှင့် ဖန်တီးစီခြယ်ခဲ့သော် လည်း ကုန်းဘောင်ခေတ်နောက်ပိုင်း မှန်စီရွှေချလက်ရာ များကို မှန်များနှင့်သာ ဖန်တီးစီခြယ်ခဲ့ကြသည်။ ထိုကဲ့သို့ ဖန်တီးထားသောနေရာများတွင် ရွဲလုံးများကို မိမိလိုချင်သော ဖြူနီဝါပြာ စသော အရောင်ထည့်ပြီး ခဲပိတ်ကာ ရောင်စုံမှန်များအဖြစ် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အပိုင်းကြီး ငါးပိုင်းခွဲခြားနိုင်
ယွန်းထည်လုပ်ငန်းနှင့် ဆက်စပ်နေသော မြန်မာ လက်မှုအနုပညာတစ်ရပ် မှာ မှန်စီရွှေချလုပ်ငန်းဖြစ်သည်။ မှန်စီရွှေချအတတ်သည် ယွန်းထည်၊ သစ်ပန်းပုထည်များကို ဆက်လက်မွမ်းမံသောလုပ်ငန်းဖြစ်သည်။ ယွန်းထည်ကို မှန်စီရွှေချလုပ်ကိုင်ရာ၌ ယွန်းထည်၏လုပ်ငန်းအဆင့်ဆင့် အတိုင်း သစ်စေးနှင့် သရိုးကို အခြေခံအသုံးပြုရသည်။ ထိုလုပ်ငန်းတွင် အပိုင်းကြီးငါးပိုင်း ခွဲခြားနိုင်ရာ (၁) ပြာ တင်၊ ကျောက်တိုက်၊ သစ်စေးသုတ်ခြင်း၊ (၂) ကြိုးခင်း ခြင်း၊ (၃)ပန်း၊ အရုပ်ဖော်ခြင်း၊ (၄) မှန်စီခြင်းနှင့် (၅) ရွှေချ ခြင်းအပိုင်းတို့ ဖြစ်ကြသည်။
မှန်စီရွှေချပြုလုပ်မည့် အထည်တို့ကို ရှေးဦးစွာ အချောတိုက်ပေးရသည်။ စောင်းကဲ့သို့ ပစ္စည်းမျိုးဆိုလျှင် စပါးဖွဲကြမ်းကို ပြာချ၍ သစ်စေးစိမ်းနှင့်ရောကာ အထည် တစ်ခုလုံးကို သုတ်ပေးရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ပြာတင်သည်ဟုခေါ်သည်။ အချို့အထည်များကိုမူ သစ်စေး သုတ်လိုက်၊ ပြာဖြူးလိုက်ဖြင့် တစ်ထပ်စီပြာတင်ခြင်း ပြုရသည်။ သစ်သားပန်းပုထည်များကိုမူ သစ်သားရှိ အနာအဆာပေါက်များ ပိတ်ဆို့ချောမွေ့သွားစေရန် သုံးဦး စပ်ဖြင့် ထေပေးရသည်။ သုံးဦးစပ်ဆိုသည်မှာ သစ်စေးစိမ်း၊ လွှစာမှုန့်နှင့် ထမင်းရည်တို့ကို သုံးမျိုးစပ်၍ ထောင်းတေ ထားခြင်းဖြစ်ပြီး ထောင်းသရိုးဟုလည်း ခေါ်ကြသည်။ ထောင်းသရိုးနှင့်ထေး၍လည်းကောင်း၊ ပြာတင်ပြီးလျှင် လည်းကောင်း သစ်စေးအိပ်စေရန် တိုက်သွင်းရသည်။ သစ်စေးအိပ်လောက်သည့်ရက်တွင် ပြန်ထုတ်၍ ကျောက် တိုက်ရသည်။ ကျောက်တိုက်သည်ဆိုသည်မှာ ကျောက်ပွဖြင့် ချောစားပေးခြင်း ဖြစ်လေသည်။ အထည်ကောင်းသည် ထက်ကောင်းစေလိုလျှင် ကျောက်တိုက်ပြီးလျှင် တစ်ဖန် ပြန်၍ သစ်စေးသုတ်ပေးရပြန်သည်။ ထို့ပြင် ကြိုးခင်းခြင်း သည် သရိုးကြိုးကို သစ်စေးအခံပေါ်တွင် လက်သည်း စောင်းဖြင့်နှိပ်၍ လက်ယာမှ လက်ဝဲသို့ တစ်စတစ်စကပ် ပေးသွားရခြင်းဖြစ်သည်။ တန်းကြိုးများသည် ပန်းများကို တစ်ကန့်စီ နယ်နိမိတ် သတ်မှတ်ပေးရသည်။
အရုပ်များဖော်မည်၊ မှန်များစီမည်ဆိုလျှင် ကြိုးခင်းက တည်းကပင် တိုင်းတာ၍ နေရာသတ်မှတ်ချန်လှပ်ထား ရသည်။ မှန်မစီဘဲ ပန်းချည်းသက်သက် ဖော်ထားလျှင် ကြိုးနုခင်းသည်ဟု ခေါ်သည်။ ဖြတ်ထားပြီး မှန်ချပ်ကလေး များကိုထိပ်တွင် သရိုးအနည်းငယ်ပါသော တုတ်ကလေး ဖြင့် တို့ယူပြီးနောက် ကြိုးခင်းသူ ချန်လှပ်ထားသောနေရာများတွင် သစ်စေးအခံပေါ်၌ ကပ်ပေးရသည်။ ဆစ်တန်းဟု ခေါ်သော မှန်ကလေးများသည် အလျားရှည်၍ အနံတို သည်။ မှန်ကလေးများဖြင့် အပွင့်ပြုလုပ်လျှင် ခြယ်သည်ဟု ခေါ်သည်။ အပွင့်ခြယ်ရာ၌ အလယ်တွင် ကျောက်ပြာထည့်လျှင် ဘေးမှကျောက်ဖြူဖြင့် ရံပေးရသည်။ ပုလဲ၊ ပလာဖြူ၊ ပြောင်ပြာ၊ မန်ကျည်းရွက်၊ ခြောက်ကွက်တွက် စသည်ဖြင့် ကျောက်တုမျိုးစုံရှိသည်။ အစီအခြယ်သမားများသည် အသွေးအရောင် လိုက်လျောမှု၊ ဆန့်ကျင်မှု၊ တောက်ပမှု တို့ကို နားလည်၍ ပန်းချီမျက်စိရှိရန် လိုလေသည်။
ကျောက်တိုက်ပေးရ
မှန်မစီဘဲ ကြိုးနုခင်းသည့် ယွန်းထည်ဖြစ်လျှင် ကြိုး ခင်းပြီး၍ သုံးလေးရက်အတွင်း ကြိုးဖုံးရည် သုတ်ပေး ရသည်။ သို့မှသာ ပန်းများခိုင်မြဲသည်ဟုဆိုသည်။ မှန်စီ ထည်ဖြစ်လျှင် မှန်ဖုံးရည်သုတ်ရသည်။ သို့မှသာ ရွှေချပြီး သောအခါ မှန်ခွာ၍လွယ်သည်။ ကြိုးဖုံးရည်၊ မှန်ဖုံးရည်တို့ သည် သစ်စေးကို ရေရောထားခြင်းဖြစ်သည်။ ထိုအရည် များသုတ်ပြီးလျှင် တိုက်သွင်း၍ အိပ်အောင်ထားရသည်။ အရောင်ရည်များ ထပ်တလဲလဲသုတ်၍ စိတ်ကြိုက် အရောင်တက်လာသောအခါ နောက်ဆုံးဖြစ်သော ရွှေခံရည်ကို သုတ်ရသည်။ ရွှေခံရည်သည် စံကားဝါရောင်ဆေးကို ရေနွေးဖြော၍ သစ်စေးနှင့်ရောထားခြင်းဖြစ်သည်။ ရွှေခံရည်မသုတ်မီ သစ်စေးသုတ်ပြီးတိုင်း တိုက်သွင်းရသည်။ မြေတိုက်မှထုတ် တိုင်းပန်းများလွတ်သောနေရာပြောင် ကွက်လပ်များကို ကျောက်တိုက်ပေးရသည်။ ရွှေခံရည် သုတ်ပြီးလျှင်မူ ကျောက်မတိုက်ရတော့ပေ။
ရွှေခံရည်အိပ်သောအခါ ရွှေချမည့်နေရာလွတ်ဟူ သမျှကို ဟင်္သာပြဒါးနှင့် သစ်စေးရော၍ သုတ်ရသည်။ သစ်စေး၏ သဘာဝမှာ သစ်စေးစစ်လျှင် ကျဲ၍ ရေရောလေ ပျစ်လေဖြစ်သည်။ ရွှေချမည့်သစ်စေးမှာ အစေးနည်းရန် ရေရောထားသဖြင့် အလွန်ပျစ်သည်။ ယင်းကို ဂွမ်းဖြင့် တို့ယူ၍ ရွှေချမည့်နေရာများတွင် သုတ်ပေးရသည်။ ဂွမ်းနှင့်တို့မရသည့်နေရာများကို ဝက်မွေးစုတ်တံနှင့် ခပ်ပေး ရသည်။ ထို့နောက် ထိုနေရာများတွင် သစ်စေးပြောင်သွား အောင် ဂွမ်းဖြင့်ပင် ပွတ်ပေးရသည်။ ယင်းသို့ သစ်စေးကို ဂွမ်းဖြင့်သုတ်ပြန်၍ပွတ်ခြင်းကို အသုတ်အနုတ် ပြုသည်ဟု ခေါ်သည်။ စင်စစ်အားဖြင့် ရွှေချခြင်းသည် သစ်စေးအငွေ့ ကလေးမျှဖြင့် ကပ်နေစေခြင်းဖြစ်သည်။
သစ်စေးသုတ်နုတ်ထားသော နေရာများတွင် ရွှေဆိုင်း ပြားများကို တစ်ခုချင်းစီ၍ ကပ်သည်။ ဂွမ်းဖြင့်ဖိပေးသည်။ ရွှေပေါက်သော နေရာများကို ဖာထေးရသည်။ ရွှေအဆိုင်း လိုက်မဝင်သော ပန်းများနေရာတွင် နွားနားမွေးစုတ်ဖြင့် ရွှေကို တို့ယူရသည်။ ပြီးနောက် ဖြူစင်သော ဂွမ်းဖြင့် ရွှေချထားပြီးသော နေရာများကို ခပ်ဖွဖွပွတ်ပေးခြင်းဖြင့် ရွှေရောင်ဝင်းလက်တောက်ပြောင် စေလေသည်။ မှန်စီရွှေ ချရာတွင် အောက်ခံယွန်းထည် သစ်သားထည်များကို အပေါက်အပဲ့၊ အဖုအထစ်မရှိရအောင် ဖာထေးပြုပြင်ရ သည်။ ပြီးလျှင် သစ်စေး၊ သရိုးနှင့်အခံရည်တို့ကို အထပ် ထပ်သုတ်ပေးခြင်းဖြင့် အောက်ခံအထည်များကို ပိုးမွှား ဖျက်ဆီးခြင်း၊ ရာသီဥတုဒဏ်ခံရခြင်းတို့မှ ကာကွယ်ပေး သည်။ ထို့ကြောင့် မှန်စီရွှေချခြင်းသည် ယွန်းပညာရှင်၊ ပန်းပုပညာရှင်တို့၏ လက်ရာများကို ကာလရှည်ကြာစွာ ခိုင်ခံ့စေသည်။ ရွှေရောင် မှန်ရောင် တဝင်းဝင်းဖြင့် တစ်မျိုး တစ်ဖုံ ခံ့ညားတင့်တယ်စေပေသည်။
ယနေ့ခေတ်မှာတော့ မှန်စီရွှေချလက်ရာအများစု၏ မှန်များသည် ရွဲလုံးများနှင့် ဖန်တီးထားသော မှန်များ မဟုတ်ဘဲ ရောင်စုံမှုတ်ဆေးများ ခြယ်သထားသော မှန်များ ပင်ဖြစ်သည်။ မှန်နောက်တွင် ခဲပိတ်သည်မျိုး မရှိတော့ဘဲ ခဲပိတ်သောနေရာ၌ ခဲရောင်မှုတ်ဆေးကို အသုံးပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် မှန်၏အရည်အသွေးကို နိမ့်ကျ သွားသကဲ့သို့ တာရှည်ခံမှုမှာလည်း ကွာခြားသွားသည်။ ရှေးယခင်ခေတ်ကာလ မှန်စီလက်ရာ မှန်များသည် ယခုခေတ်အထိ အဝတ်ဖြင့်တိုက်လိုက်ရင် ပြောင်လက်သွား သည်။ ယခုခေတ်မှာ ၎င်းမှန်မျိုးကို မရတော့ချေ။ ယခုခေတ်တွင် မှန်စီလက်ရာကောင်းကောင်း လုပ်ချင်ပါက ယခင်မှန်စီလက်ရာ များထဲမှ ဟောင်းနွမ်းစုတ်ပြတ်၍ မသုံးတော့သော ပစ္စည်းဟောင်းများကို ရှာဖွေစုဆောင်းရသည်။ ထို့နောက်မှ ကိုယ့်ဖန်တီးမှုလက်ရာများတွင် ပြန်လည် ထည့်သွင်းလုပ်ကိုင်ကြသည်။
လှပသေသပ်အောင် ဖန်တီး
၁၉၇ဝ ပြည့်နှစ် ဝန်းကျင်ခန့်က ခေတ်စားသောမှန်ကို လိုအပ်သလိုအဝိုင်း၊ လေးထောင့်၊ ဆနွင်းမကင်းပုံဖြတ်ပြီး အင်္ဂတေနှင့်ကပ်သောပညာရပ်များသည် ယနေ့ခေတ်၌ လုပ်ကိုင်သူ နည်းပါးလာသည်။ ယင်းပညာရပ်သည် မှန်နုစီ ရွှေချ ပညာရပ်လောက် အနုမစိတ်သော်လည်း ပညာသား ပါသော ပညာရပ်တစ်ခု ဖြစ်သည်။ လက်ရာမြောက်သော မှန်ကြမ်းစီရွှေချ နံရံတစ်ချပ်သည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသေသပ်အောင် ဖန်တီးလုပ်ဆောင်ရသော ပညာရပ်ဖြစ်သည်။
မှန်ကြမ်းစီရွှေချ နံရံတစ်ချပ်ဖြစ်လာရန် မှန်မစီခင်၌ လိုအပ်သော ဒီဇိုင်းပုံကြမ်းကို ဦးစွာဆွဲပြီး မည်သည့်နေရာ တွင် မှန်ဝိုင်းသုံးမည်၊ မည်သည့်နေရာတွင် မှန်လေးထောင့် သုံးမည်၊ မည်သည့်နေရာတွင် မှန်အနီရောင်သုံးမည်၊ မည်သည့် နေရာတွင် မှန်အဝါရောင်သုံးမည်၊ မည်သည့် နေရာတွင် အရောင်မပါသော မှန်သုံးမည်၊ မည်သည့်နေရာ ကို ကနုတ်လုပ်ထားမည်၊ ထိုကနုတ်အတိုင်း မှန်နှင့် ပုံဖော် ရမည်ဆိုသည်များကို တွက်ချက်ရခြင်းဖြစ်သည်။ ကြာရှည်ခံအောင် အင်္ဂတေကို အချိုးကျဖော်စပ်ရသည်။ အင်္ဂတေဖော်စပ်မှုမကောင်းလျှင် မှန်စီ လက်ရာ မည်မျှ ကောင်းကောင်း ကြာရှည်ခံရန် မလွယ်ကူလှပေ။ မှန်စီသော နေရာတွင် စကေးမှာ အဓိကကျလှသည်။ မှန်မစီမီ ကြိုတင်တွက်ထားရသည်။
မိမိတွက်ထားသော စကေးအတိုင်း မှန်စီသောအခါ တိကျရန်လိုသည်။ မှန်စီသမားမှာ အင်္ဂတေမစိုမခြောက်၌ မည်သည့်အနေအထားလောက်တွင် ကပ်ရမည်ဆိုသည်ကို သိရှိထားရန်လိုပေသည်။ အင်္ဂတေနှင့်မှန်ကြမ်းစီသော နေရာတွင် ယခင်ခေတ်ကာလမှ မှန်စီဆရာများသည် မှန်ကောင်းရစေရန် ပြဒါးကို ကိုယ်တိုင်သုတ်ပြီး စီကြခြင်း ဖြစ်ပြီး အနောက်ဘက်မှ ပြဒါးထူသည့်အတွက် မှန်မှာလည်း ပို၍တာရှည်ခံသည်။ ယနေ့ခေတ်တွင် မှန်စီဆရာ များက မှန်ကိုကိုယ်တိုင်မလုပ်ကြတော့ဘဲ အသင့်သုံးမှန် များကိုအသုံးပြုပြီး ပြဒါးကိုလည်း ခပ်ပါးပါးသာ အသုံးပြု သည့်အတွက် တာရှည်မခံနိုင်ပေ။ မှန်စီရွှေချထည်များ၌ လည်း ခြူးပန်းခြူးနွယ်များ၊ ဘုရင်၊ မိဖုရား၊ မင်းညီ မင်း သား အရုပ်များ၊ ဂဠုန် နဂါးအစရှိသော အရုပ်များဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ရှုချင်စဖွယ် မွမ်းမံတန်ဆာဆင်ထားသည်။ ထို့ကြောင့် ယဉ်ကျေးမှု အနုပညာသရုပ်ပြ ယွန်းထည်၊ မှန်စီရွှေချထည်များကား အလွန် လက်ဝင်လှသည်။ အနုစိတ်လှသည်။ လုပ်ငန်း ကျယ်ပြန့်သည့်အလျောက် အချိန်ကုန်ပေသည်။ ထိုလုပ် ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ပညာရှင်များမှာ စိတ်ပါဝင်စားပြီး ဘက်စုံကျွမ်းကျင်လိမ္မာမှု ရှိနေရန်လည်း လိုအပ်ပေသည်။ မှန်စီရွှေချလုပ်ငန်းသည် မြန်မာနိုင်ငံရှိ ရိုးရာလုပ်ငန်းများထဲတွင် မြတ်နိုးတန်ဖိုးထားစရာ လက်မှု လုပ်ငန်းဖြစ်သည့်အတွက် ယခုကဲ့သို့ ထိန်းသိမ်းထားနိုင် သည်မှာ ချီးကျူးဖွယ်ရာဖြစ်ပါသည်။ ဆက်လက်၍လည်း မှန်စီရွှေချပညာရှင်များနှင့် ၎င်းတို့၏အနုလက်ရာများကိုလည်း မြန်မာ့မြေပေါ်တွင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ထားကြရမည် ဖြစ်ပါတော့သည်။
မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)