မြတ်နိုးတန်ဖိုးထားရမည့် ပြည်ထောင်စု

၁၂ ဖေဖော်ဝါရီ

ယနေ့သည် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ တောင်တန်း-ပြည်မ မခွဲခြားဘဲ ပြည်ထောင်စုကြီး တစ်ခုလုံး စည်းလုံးညီညွတ်ကြောင်း အခိုင်အမာစာချုပ်ချုပ်ဆိုပြီး တစ်နှစ်အတွင်း မြန်မာပြည်ကြီးတစ်ခုလုံး လွတ်လပ်ရေးရရမည်ဟု သန္နိဋ္ဌာန်ပြုခဲ့ကြသော ထိုနေ့ထူးနေ့မြတ်ကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

ထိုပြည်ထောင်စုနေ့ကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းမဟုတ်၊ အခက်အခဲအကျပ်အတည်းများ၊ သဘောထားကွဲလွဲမှုများနှင့် သွေးခွဲမှုအမျိုးမျိုးကြားမှ တောင်တန်း-ပြည်မ အတူတကွ လွတ်လပ်ရေးရရှိရမည် ဟူသောခံယူချက်ဖြင့် စည်းလုံးညီညွတ်မှုကို ဝိုင်းဝန်းတည်ဆောက်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရာ၌ မြန်မာပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ဦးရွက်ပြု၍ ကြိုးပမ်း အားထုတ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများမှာ မြန်မာ့သမိုင်းတွင် ကမ္ပည်းမော်ကွန်းတင် မှတ်တမ်းရေးထိုးလောက်ပေသည်။

 

အမျိုးသားခေါင်းဆောင်များ၏ တိုင်းပြည်နှင့် လူမျိုးအတွက်ကိုယ်ကျိုးမငဲ့ကွက်ဘဲ စစ်ပြီးကာလ နှစ်နှစ်တာ အချိန်မျှအတွင်း အံ့ချီးဖွယ်မကုန် တစ်ဟုန်ထိုး၍ မနေမနား မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကို သမိုင်းမှတ်ကျောက်တင်ရမည်ဖြစ်သလို ယင်းပြည်ထောင်စုသမိုင်းအမွေအနှစ်များကို နောင်လာနောက်သား ပြည်ထောင်စုသားများကလည်း လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။

 

မြန်မာ့လွတ်လပ်ရေးသည် အခြားနိုင်ငံများနှင့်မတူ တစ်မူထူးခြားပြီး သိမ်မွေ့နက်နဲခက်ခဲသော သဘောဆောင်ပါသည်။ လွတ်လပ်ရေးဟူသည် တိုင်းတစ်ပါးနယ်ချဲ့တို့၏ ကျူးကျော်သိမ်းပိုက်ကျွန်ပြုမှုကို ပြန်လည်ခုခံ တွန်းလှန်တိုက်ခိုက်၍ နိုင်ငံအများစု ရယူခဲ့ကြသည်။ မြန်မာနိုင်ငံအဖို့မှာမူလွတ်လပ်ရေးကို တိုက်ယူရုံသက်သက်ဖြင့်မရ၊ နယ်ချဲ့တို့ကို တိုက်ပွဲအလီလီ ဆင်နွှဲတွန်းလှန်ပြီးနောက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ပြီးမှ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။

 

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်ဆိုပါက လူထုညီညွတ်ရေးနှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးသည် ပဓာနကျသည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ခံယူထားသည့်အတိုင်း ၁၉၄၆ ခုနှစ် တစ်နှစ်တာလုံး ပြည်နယ်၊ ပြည်မ၊ တောင်တန်းဒေသအနှံ့သို့ မနေမနား ခြေဆန့်ကာ စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့ရပါသည်။ ထိုသို့ တည်ဆောက်နိုင်သောအခါမှသာ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရှိခဲ့ပါသည်။ အကယ်၍ စည်းလုံးညီညွတ်မှုကို မတည်ဆောက်ပါက မြန်မာ့လွတ်လပ်ရေးနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ပါသည်။

 

မြန်မာ့လွတ်လပ်ရေးသည် မျိုးချစ်စိတ်ဓာတ်တွင်အစပျိုးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွင် သန္ဓေတည်မွေးဖွားလာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာလွတ်လပ်ရေးသည် အခြားနိုင်ငံများ၏ လွတ်လပ်ရေးနှင့်မတူ အလွန်တရာ တန်ဖိုးကြီးမားသော အဖိုးမဖြတ်နိုင်သည့် လွတ်လပ်ရေးဟု ဆိုချင်ပါသည်။ လွတ်လပ်ရေးသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွင် သန္ဓေတည်သည်ဆိုသောကြောင့် စည်းလုံး ညီညွတ်မှု ခိုင်မာနေသရွေ့ လွတ်လပ်ရေးသည်လည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။

 

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးအတွက် အဆုံးအဖြတ်ပေးသော နေ့တစ်နေ့ဖြစ်ပါသည်။ စည်းလုံးညီညွတ်ခြင်း၏ အောင်ပွဲ၊ လွတ်လပ်ရေးအတွက် အကြိုအောင်ပွဲနေ့လည်း ဖြစ်ပါသည်။ ယနေ့သည် ထိုစည်းလုံးညီညွတ်ခြင်း၊ လွတ်လပ်ခြင်းအတွက်အောင်ပွဲနေ့ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်တည်ခဲ့သည်မှာ (၇၁)နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးနောက် စည်းလုံးညီညွတ်သော နိုင်ငံတော်အဖြစ် ပကတိခိုင်ခိုင်မာမာ ဖြစ်တည်နေခြင်းတော့မဟုတ်ပေ၊ စည်းလုံးညီညွတ်မှုကို မပြိုကွဲအောင် ထိန်းသိမ်းစောင့်ရှောက်ထားသော နိုင်ငံဖြစ်ပေသည်။

 

ထို့ကြောင့် စည်းလုံးညီညွတ်မှုကိုအခြေခံ၍ ရယူထားရသောမြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထာဝရတည်တံ့ခိုင်မြဲနေစေရေးအတွက် ပြည်ထောင်စုကြီး မယိုင်မလဲမပြိုကွဲဘဲ ထာဝရစည်းလုံးညီညွတ်အောင် ပြည်ထောင်စုသား တိုင်းရင်းသားပြည်သူအားလုံးတို့က ညီညီညွတ်ညွတ် လက်တွဲမဖြုတ်စတမ်း ရပ်တည်နေထိုင်သွားကြရမည်ဖြစ်ပါသည်။  

 

(ကြေးမုံ)