၂ ဖေဖော်ဝါရီ

 

ဒီမေးခွန်းက ဆေးရုံဆေးခန်းသွားဖူးပြဖူးသူတိုင်း ကြားဖူးနေကျ မေးခွန်းမျိုး။

 

‘ဘာလို့များမေးနေပါလိမ့်’ ဟု တချို့ထင်ကောင်းထင်ကြမည်ဖြစ်ပြီး တချို့က ဘာကိုဆိုလိုမှန်းပင် မသိကြပါ။ အဆိုပါမေးခွန်းတွင် ဆိုလိုရင်း အပိုင်း (၂ ) ပိုင်း ရှိပါသည်။

 

(၁)  ယခင် ဆေးထိုးဆေးသောက်လုပ်စဉ်က အရေပြားနီရဲ၍ ရောင်ရမ်းယားယံခြင်း၊ အသက်ရှူရခက်ပြီး နေမထိ ထိုင်မသာဖြစ်ခြင်း၊ သွေးပေါင်ရုတ်တရက်ထိုးကျခြင်း၊ သတိလစ်မေ့မြောခြင်း အစရှိသည့် ပြင်းထန်လက္ခဏာစု ဖြစ်ပေါ်ဖူးခြင်း ရှိ မရှိ။

 

အကယ်၍ မဖြစ်ဖူးလျှင် ယခင်က ဆေးမတည့်သည်မျိုး မကြုံဖူးကြောင်းသာ ဆရာဝန်အား ပြောပြရန်လိုသည်။ ဤတွင် ထပ်မံပြီး ဖြည့်စွက်ရှင်းပြလိုသည်က ယခင်မဖြစ်ဖူးသည်နှင့် “မိမိကတော့ ဘာဆေးနဲ့မဆို တည့်မှာပဲ … မိမိမှာ ဆေးမတည့်သည့်ကိစ္စမျိုး မဖြစ်နိုင်”ဟု ယူဆထား၍ မရပါ။ ယခင် ထိုးဖူး/သောက်ဖူးသည့် ဆေးအမျိုးအစားပင်ဖြစ်သော်လည်း ကုမ္ပဏီမတူခဲ့လျှင် ဆေးထုတ်လုပ်ရန် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းမတူညီမှုကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်သည့်ရာခိုင်နှုန်း ရှိနေသေးသည်။

 

“ဆေးကိုက မိမိနှင့်မတည့်တာလား…ကုန်ကြမ်းပစ္စည်းကြောင့် မတည့်တာလား “ဆိုသည်ကို မိမိအပါအဝင် မည်သူမျှ အလွယ်တကူ အတိအကျ မသိနိုင်ပါ။ လူနာ မည်သည့်ဆေးနှင့် မတည့်မှန်းကို ဆရာဝန်က အလိုလိုသိနေလိမ့်မည်ဟုလည်း တွေးထား၍မရနိုင်ပါ။ လူတစ်ဦးနှင့်တစ်ဦး ဇီဝကမ္မဖြစ်စဉ် ခေါ်  ကိုယ်တွင်းဓာတ်ပြုအလုပ်လုပ်ပုံ မတူညီကြသည့်အတွက် ရောဂါတူလူနှစ်ဦးတွင် တူညီသည့် သောက်ဆေး/ထိုးဆေးကို ပေးသော်လည်း တစ်ဦးတွင် အဆင်ပြေပြီး ကျန်တစ်ဦးနှင့် လုံးဝမတည့်တာမျိုးလည်း ဖြစ်နေနိုင်သည်။ ထိုးဆေးအမျိုးအစားတချို့ဆိုလျှင် ဆေးစမ်းခြင်း (ဆေးရည်ကို အရေပြား သို့ အကြောထဲသို့ အနည်းငယ်မျှထိုးသွင်း၍ ဓာတ်မတည့်သည့် လက္ခဏာ ပေါ်လာခြင်း ရှိ မရှိ စမ်းသပ်ခြင်း) ပြုလုပ်ထားသည့်တိုင် ဓာတ်မတည့်မှု ဖြစ်တတ်သေးသည်။

 

အနောက်တိုင်းဆေးပညာတွင်သုံးသော သောက်ဆေး/ထိုးဆေးများကို အဆင့်ဆင့် စမ်းသပ်စစ်ဆေး ထုတ်လုပ်ထားသော်လည်း လူတစ်သောင်းတွင် တစ်ယောက်လောက်က ရှားပါးဓာတ်မတည့်သည့် ဖြစ်ရပ်မျိုး ရှိတတ်သည်ဖြစ်ရာ ထိုကံဆိုးသူမောင်ရှင်သည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘဆွေမျိုး အသိမိတ်ဆွေသော်လည်းကောင်း ဖြစ်နေနိုင်ကြောင်း သိထားစေလိုပါသည်။ ထိုသို့ ဆေးဓာတ်မတည့်ခြင်းဖြစ်လာသည့် အခါ “ဆေးထိုးမှားတယ်၊ ဆေးမှားပေးတယ်” ဟု လွဲမှားယူဆ မိတတ်ကြသည်။ တချို့လူနာများ ဆိုလျှင် အားဆေးနှင့်စပ်၍ထိုးသည့် glucose (ဂလူးကို့စ်)နှင့်ပင် ဓာတ်မတည့်တာမျိုး အထိ ရှားရှားပါးပါးတွေ့ဖူးသည်။ တကယ်ကို အနာနှင့်ဆေးမကိုက်ညီဘဲ မှားယွင်းနေသည့်ဖြစ်ရပ်များ ရှိသော်လည်း ၎င်းကဲ့သို့ဖြစ်ရပ်မျိုးတွင် အထက်တွင်ဖော်ပြထားသည့် ပြင်းထန်လက္ခဏာစုများ ပေါ်လေ့မရှိဘဲ ရေရှည်မှာမှ သိသာတတ်သည်။ သည့်အတွက် ဆေးတကယ်မှားခြင်းထက် ဆေးဓာတ်မတည့်သည်ပြဿနာက ပိုများသည်။

 

ဥပမာ ဆိုရသော် မိမိ ယခင်ကမသောက်ဖူးသော ပဋိဇီဝ ပိုးသတ်ဆေးက တခြားလူနာများနှင့် တည့်နေသော်လည်း မိမိသောက်လိုက်သည့်အခါတွင်မှ တစ်ကိုယ်လုံးယားပြီး အသက်ရှူကြပ် လာသည့်အခါ ဤသို့ဖြစ်ရခြင်းသည် ဆရာဝန်၏အမှားမဟုတ်သလို မတည့်မှန်းမသိ၍ သောက်မိသောမိမိ၏အမှား လည်းမဟုတ်ပေ။ ဓာတ်မတည့်မှု ပြင်းထန်ပါက အသက်ပင်ဆုံးရှုံးနိုင်သည့် အတွက် ထိုသို့ဖြစ်လာသည့်အခါမျိုးတွင် သောက်ထားမိသည့် ဆေးအမျိုးအစားနှင့်တကွ ဆေးမှတ်တမ်းပါယူ၍ နီးရာဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန် နှင့်  ထိုဆေးအမျိုးအစားကို တစ်သက်လုံးအရိုးစွဲအောင် မှတ်ထားရန်သာဖြစ်သည်။ ဆေးရုံဆေးခန်းတိုင်းတွင် ဆေးဓာတ်မတည့်မှု ဖြစ်လာသည့်အခါ အရေးပေါ်ကုသရန် သောက်ဆေးထိုးဆေးများ အဆင့်သင့်ထားရှိတတ်ကြသည်။

 

(၂) မတည့်ခဲ့ဖူးသည့် ဆေးအမျိုးအမည် နှင့် ရာဇဝင်

 

ထိုသို့ အရိုးစွဲအောင်မှတ်ထားပြီး ဆရာဝန်မေးသည်နှင့်

ဆေးအမည် ( ဓာတုဗေဒအမည် ဖြစ်စေ၊ ဆေးကဒ်အမည် ဖြစ်စေ)

သောက်ဆေး (သို့ ) ထိုးဆေး

ခန့်မှန်းအချိန်ကာလအပိုင်းအခြား

ဖြစ်စဉ် အကျဉ်းချုပ် တို့ကို ပြောပြပေးနိုင်လျှင် မိမိကို ကုသပေးရာ၌ များစွာလွယ်ကူအကျိုးရှိသည်။

 

ရောဂါအခံအရပြောရလျှင် ငယ်စဉ်ကတည်းက သာမာန်အစားအသောက် အသုံးအဆောင်များနှင့်ပင် ဓာတ်မတည့်မှု ခဏခဏ ဖြစ်လေ့ရှိသူများ ပို၍ သတိထားသင့်သည်။

 

ဒီလိုဆို ကြိုမသိနိုင်တာကြီးကို ဘယ်လို ကာကွယ်မလဲ။ ဆေးမထိုး/မသောက်ရဘူးလား။

 

ရောဂါဖြစ်လာလျှင် ကုသမှုခံယူရမည်ပင်။ ဖြစ်နိုင်တာ ဖြစ်တတ်တာကို ကြိုတင်တွက်ဆထားပြီး လူနာရော ဆရာဝန်ပါ ပူးပေါင်းကာကွယ်ရုံသာ။

 

လူနာတွေ သိထားသင့်သည်က

 

စပ်ဆေးဝယ်မသောက်ပါနှင့်

(အကယ်၍များ ဓာတ်မတည့်မှုဖြစ်ခဲ့သော် ဆေးညွှန်းမပါ ဆေးနာမည် မရှာနိုင်သည်မို့ ဘာဆေးနှင့် မတည့်မှန်းမသိသည့်အတွက် အန္တရာယ်များသည့်အပြင် နောက်အလားတူမဖြစ်အောင် ရှောင်မရတော့)

 

ဆေးရုံဆေးခန်းသွားလျှင် ဆေးမှတ်တမ်းတောင်းပါ သိမ်းပါ။

(ဆေးမှတ်တမ်း ဘယ်လောက် ဟောင်းဟောင်း လွှင့်မပစ်ပါနှင့်။ မတော်တဆ ဆေးမတည့်မှုဖြစ်ခဲ့သည် ရှိသော် မှတ်တမ်းတွေကတစ်ဆင့် ဘာဆေးဆိုတာသိနိုင်၊ မှတ်ထားနိုင်ပါသည်။)

 

မိမိရောဂါရာဇဝင်အကြောင်း ဂဃဏန မဟုတ်တောင် သိသင့်တာတွေ သိနေပြီး ဆရာဝန်မေးသမျှကို အကုန် အမှန်အတိုင်း ဖြေပါ။

 

(ဆူမှာကြောက်ပြီး စပ်ဆေးဝယ်သောက်မိကြောင်း မပြောတာမျိုး မလုပ်ပါနှင့်။)

 

ဆရာဝန်တွေအနေနှင့်ဆိုလျှင် ဖြစ်တတ်သည့် ဓာတ်မတည့်မှု သဘာဝအကြောင်း အမြဲသတိရှိနေပြီး လူနာကိုလည်း “ဒါ ဆရာပြောသလို ဆေးဓာတ်မတည့်တာ နေမယ်၊ ဆေးခန်းသွားပြန်ပြရမယ်” ဆိုသည့် အသိမျိုးရသည်အထိ နားလည်အောင် ရှင်းပြထားသင့်ပါသည်။

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ – ဒေါက်တာနှင်းနုအေး

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”