နေပြည်တော် ၂၄ အောက်တိုဘာ 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသော မော်တော်ယာဉ်များ၏ ပိုင်ရှင်၊ အမည်၊ နေရပ်လိပ်စာ တိကျမှန်ကန်ရေးသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် စည်းကမ်းဥပဒေနှင့်ညီညွတ်သည့် မော်တော်ယာဉ်များဖြစ်စေရေး၊ ရှေ့ဆက်ဆောင်ရွက် မည့် RadioFrequency Identification(RFID) စနစ်နှင့်ချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တို့အတွက် များစွာအရေးပါသည်။

မော်တော်ယာဉ်(၁)စီးအတွက် ယခင်ကောက်ခံခဲ့သည့် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်နှုန်းသည် အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်း မှ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်း အထိဖြစ်သည်။ ယခု ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေပုဒ်မ- ၂၅ အရ ယာဉ်ပိုင်ရှင်တိုင်း အခွန်ပေးဆောင်နိုင်သည့် အနေအထားသို့ရောက်ရှိလာပြီဖြစ်ရာ အခွန်သက်သာခွင့်ကန့်သတ် ကာလအတွင်း ယာဉ်ပိုင်ရှင်တိုင်း ယာဉ်လက်ဝယ်ရှိသူအမည်၊ နေရပ်လိပ်စာမှန်ကန်စွာ ပြောင်းလဲမှတ်တမ်းတင်နိုင်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်၍ မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ (ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/ မမှန်စစ်ဆေးခြင်း၊ နယ်ဝင်/ နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်/ ဆေး/…ပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထားပျောက်ဆုံးခြင်း စသည်ဖြင့်) ဆောင်ရွက်ပါက အမည်ပေါက်ယာဉ်ပိုင်ရှင်ကိုယ်တိုင်(သို့မဟုတ်) အမည်ပေါက်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမူရင်းများဖြင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ပြနိုင်ခြင်း မရှိပါက ယာဉ်လက်ဝယ်ရှိသူ၏အမည်သို့ပြောင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်စေမည်ဖြစ်သည်။

နောင်နှစ်များတွင်လည်း မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာ၌ ယာဉ်အမည်ပေါက်ပိုင်ဆိုင်သူ မှန်ကန်မှသာ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် မိမိပိုင်ယာဉ် မိမိအမည်ပေါက်မှန် ကန်စေရေးအတွက် အခွန်သက်သာခွင့်ကန့်သတ်ကာလအတွင်း ယာဉ်ပိုင်ရှင်များအားလုံးအလေးထား ပူးပေါင်းဆောင်ရွက်ကြပါရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ  အသိပေးတိုက်တွန်းထားသည်။

MDN