သုတအောင်

 

မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုသည် နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံသားတို့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါသည်။ “အပြိုင်အဆိုင်ရှိမှ တိုးတက်သည် ဟူသော စကားအတိုင်း ယှဉ်ပြိုင်မှုသည် နိုင်ငံ့စီးပွားရေးသာမက ဈေးကွက်အတွင်းရှိ လုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုအသုံးပြုသူ ဝယ်ယူသူများအတွက် လည်း လွန်စွာအကျိုးရှိပေသည်။ 

 

ယှဉ်ပြိုင်မှုကြောင့်  ဈေးကွက်အတွင်း  တီထွင်ကြံဆမှုအားကောင်းလာစေနိုင်ပါသည်။ ဝယ်ယူသူ များအနေဖြင့်လည်း ကုန်ပစ္စည်းများကို ကောင်းမွန်သော ဝန်ဆောင်မှုမျှတသောဈေးနှုန်းဖြင့် ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ တီထွင်ကြံဆမှု အားကောင်းလာပါက ကုန်ပစ္စည်းများကို ပြည်တွင်း ဈေးကွက်တွင်သာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်သော အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သဖြင့် နိုင်ငံ့စီးပွားရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါသည်။

 

ဈေးကွက်ကို ခြယ်လှယ်သည့် လုပ်ဆောင်မှုများရှိလာ

 

သို့သော်လည်း ဈေးကွက်အတွင်း ယှဉ်ပြိုင်ရာတွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လုပ်ငန်းစု တစ်ခုတည်းကသာ လွှမ်းမိုးလာသည့်အခါတွင် ဝန်ဆောင်မှု/ ကုန်ပစ္စည်း ဝယ်ယူအသုံးပြုများအတွက် ရွေးချယ်ခွင့်မှာ အကန့်အသတ်ရှိလာပြီး ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာခြင်း၊ ဝန်ဆောင်မှုအရည်အသွေး ကျဆင်းခြင်းစသည့် အနုတ်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်လာစေနိုင်ပါသည်။ လုပ်ငန်းစုတစ်ခု သို့မဟုတ် အနည်းစုကသာလျှင် ဈေးကွက်ဝေစုအများစုကို ရယူထားပါက လက်ဝါးကြီးအုပ်စနစ် ဖြစ်လာစေနိုင်ပါသည်။ ဈေးကွက်အတွင်း လုပ်ငန်းများတစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်ရာတွင် ဈေးကစားခြင်း၊ အသရေဖျက်ခြင်း စသည့် ဥပဒေနှင့်မလွတ်ကင်းသော နည်းလမ်း များအသုံးပြု၍ ဈေးကွက်ကို ခြယ်လှယ်သည့် လုပ်ဆောင်မှုများရှိလာပါက မျှတသောယှဉ်ပြိုင်မှု ကို အတားအဆီးဖြစ်စေနိုင်ပါသည်။

 

ဥပမာအားဖြင့်ဆိုရသော် အစားအသောက်များကို မိမိအိမ်မှ မှာယူစားသောက်လိုသည် ဆိုပါစို့ အစားအသောက်ပို့သည့် ဝန်ဆောင်မှု ဈေးကွက်အတွင်း ကုမ္ပဏီ (က)၊ ကုမ္ပဏီ (ခ)၊ကုမ္ပဏီ (ဂ)၊ ကုမ္ပဏီ (ဃ)၊ ကုမ္ပဏီ (င) ဟူ၍ ကုမ္ပဏီလုပ်ငန်း ငါးခုရှိပါက ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ရွေးချယ်ရာငါးခုရှိပြီး နှစ်သက်ရာကို အသုံးပြုနိုင်ပါသည်။ သို့ရာတွင် ကုမ္ပဏီ (က)မှ အခြား ကုမ္ပဏီ (ခ)နှင့် (ဂ)ကို ဝယ်ယူပြီး လုပ်ငန်းစုတစ်ခုတည်းသာဖြစ်သွားပါက ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် နှစ်သက်ရာဝန်ဆောင်မှု ရွေးချယ်ခွင့်မရှိနိုင်တော့ပေ။ ထိုသို့ဖြစ်ပါက လုပ်ငန်းစုအနေဖြင့် မတန်တဆဈေးတင်ခြင်း၊ ဝန်ဆောင်မှု အရည်အသွေးလျှော့ချခြင်း စသည်တို့ကို ပြုလုပ်လာနိုင်ပါသည်။

 

ထို့ကြောင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုများကို ကာကွယ်ရန်နှင့် မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုကို ပိုမိုအားကောင်းစေရန်အတွက် ယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်းထားပါသည်။ ဥပဒေပါ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ဈေးကွက်ထိန်းညှိရာတွင် ပိုမိုအားကောင်းစေရန် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားရှိပါသည်။

 

ယှဉ်ပြိုင်မှုကို ထိခိုက်စေသော အပြုအမူများ အရေးယူဆောင်ရွက်

 

ယှဉ်ပြိုင်မှုကို အတားအဆီးဖြစ်စေသည့် ဆောင်ရွက်ချက်များဖြစ်သည့် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း လွှမ်းမိုးထားနိုင်သည့် အခြေအနေကို အလွဲသုံးစားပြု၍ ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်ခြင်း၊ တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ သက်ဆိုင်ရာဈေးကွက် အတွင်း လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များကို ဆန့်ကျင်၍ ယှဉ်ပြိုင်မှုကို ထိခိုက်စေသော အပြုအမူများဆောင်ရွက်ခြင်း စသည်တို့ကို ကျူးလွန်ပါက ကော်မရှင်အနေဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

ယင်းသို့အရေးယူ ဆောင်ရွက်ရာတွင် ဖောက်ဖျက်ကျူးလွန်သည့် ပြစ်မှုအမျိုးအစားအလိုက် စီမံခန့်ခွဲရေး နည်းလမ်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

 

ယှဉ်ပြိုင်မှုဥပဒေကို ဖောက်ဖျက်ကျူးလွန်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်ရာတွင် -

 

(က) သတိပေးခြင်း၊

(ခ) သတ်မှတ်ထားသော ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

(ဂ) လုပ်ငန်းဆောင်ရွက်ခြင်းကို ယာယီ သို့မဟုတ် အမြဲတမ်းပိတ်သိမ်းရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

 

ပြစ်မှုကြောင်းအရ အရေးယူဆောင်ရွက်ရာတွင် အနည်းဆုံး ထောင်ဒဏ်သုံးလမှ အများဆုံးသုံးနှစ် အထိဖြစ်စေ၊ အနည်းဆုံး ငွေဒဏ် ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ့ငါးဆယ်အထိဖြစ်စေ၊ ထောင်ဒဏ်ရော ငွေဒဏ်ပါ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပါသည်။

 

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေနှင့်အညီ လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် မျှတသော ယှဉ်ပြိုင်မှု၏ အသီးအပွင့်များကို ပြည့်ဝစွာ ခံစားရရှိနိုင်မည်ဖြစ်ပါသည်။ ။