၇  ဇန်နဝါရီ

 

ဒီမိုကရေစီဆိတ်သုဉ်းခဲ့သော နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးတို့ကို အထူးပင် လိုလားတောင့်တခဲ့ကြသည်။ ထိုသို့သော လိုလားတောင့်တကြသည့်အတိုင်း အခါအခွင့်အသင့်တိုင်း ထိုသဘောဆန္ဒကို ဖော်ထုတ်ပြသကြသည်။ ထိုသို့ ဖော်ထုတ်ပြသမှုကြောင့် ရက်စက်စွာ ဖိနှိပ်ချိုးနှိမ်ခြင်းကိုလည်း ပြည်သူတို့ ခံစားခဲ့ကြရသည်။

 

သို့သော်လည်း ပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေး လိုချင်ကြောင်း ဆန္ဒပြဖော်ထုတ်မှုမှာ ရပ်တန့်သွားသည်ဟု မရှိဘဲ ဖိနှိပ်မှုများကြားက တုံ့ပြန်တွန်းလှန်ခဲ့ကြသည်ချည်းသာ။

 

ယင်းကဲ့သို့ မမှိတ်မသုန်နှင့် ရပ်ဆိုင်းသွားခြင်းမရှိသော ပြည်သူ့တိုက်ပွဲများကြောင့်ပင် ယနေ့ကာလတွင် ပြည်သူ့ ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားသော အစိုးရနှင့်ဝန်ကြီးဌာနများ၊ ပြည်သူ့ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များတို့ကို ရရှိထားခြင်းဖြစ်သည်ဟု မြင်ပါသည်။

 

ယနေ့ ပြည်သူ့အရေးအရာတို့ ရှေ့တန်းရောက်လာသောခေတ် အပြောင်းအလဲဆီသို့ ဦးတည်လာခြင်းသည် ခေတ်အဆက်ဆက်က ပြည်သူ့ဒီမိုကရေစီတိုက်ပွဲများ၏ ရလဒ်ဟု ဆိုရပါမည်။

 

ပြည်သူတို့ အစဉ်အဆက် တိုက်ပွဲဝင်တောင်းဆိုခဲ့ကြသော ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတို့နှင့်အတူ အစဉ်အမြဲ လိုလားခဲ့သည့် အရာတစ်ခု ရှိနေသေးသည်မှာ မျှတသော တရားစီရင်ရေးစနစ် ဖြစ်ပါ၏။ ဥပဒေစိုးမိုးရေး၊ ဥပဒေ၏ အရိပ်အောက်တွင် နိုင်ငံသူနိုင်ငံသားတိုင်း တန်းတူညီမျှရှိရေး စသည်တို့မှာ ပြည်သူ့ကြွေးကြော်သံများထဲမှာ အမြဲလိုလိုပါဝင်ခဲ့ပါသည်။

 

ဥပဒေစိုးမိုးသည့်နိုင်ငံအဖြစ် ရောက်ရှိရမည်ဟူသော ပြင်းပြသည့် ဆန္ဒက ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တောင်ပြိုကမ်းပြို အနိုင်ရစေခဲ့သော အကြောင်းအချက်တစ်ရပ်လည်း ဖြစ်သည်ဟု ယုံကြည်ပါသည်။

 

ယနေ့ကာလကိုကြည့်လျှင် ဥပဒေစိုးမိုးမှုက အတော်ပင် ကြိုးစားဆောင်ရွက်ရဦးမည့် အခြေအနေဟု ထင်မြင်မိပါသည်။ ဥပဒေစိုးမိုးမှုဆိုရာတွင် တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တို့နှင့်အတူ အုပ်ချုပ်ရေးကဏ္ဍတို့ကလည်း အင်တိုက်အားတိုက် ဝိုင်းဝန်းလုပ်ဆောင် ကြရန်လိုမည်ဟု မြင်ပါသည်။

 

အဂတိလိုက်စားမှုများ၊ အဖွဲ့အစည်းအဆင့်ဆင့်ရှိ လာဘ်ပေးလာဘ်ယူမှုများတို့ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရေးကလည်း ဥပဒေစိုးမိုးရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်ပါမည်။

 

တရားရုံးများပေါ်ရှိ တရားစီရင်ရေးကဏ္ဍတွင်လည်း ခေတ်ဆိုး ခေတ်ကျပ်ကာလတုန်းက အမူအကျင့်များ ပပျောက်ရေးကလည်း အရေးပါသော လိုအပ်ချက်ဖြစ်ပါမည်။ အထူးသဖြင့် တရားစီရင်ရေးကဏ္ဍတွင် သန့်ရှင်းမှု၊ ဘက်မလိုက်မှု၊ အဂတိကင်းမှုတို့က ဥပဒေစိုးမိုးရေးတွင် အရေးပါ ပါမည်။

 

“ဆုံးဖြတ်ရန်အမှုကို မျက်နှာလိုက်၍ မဟုတ်မမှန် ဆုံးဖြတ်သောသူသည် တရားရှိသော တရားသူကြီး မဟုတ်၊ ပညာရှိသည်အကြောင်း ဟုတ် မဟုတ် နှစ်ပါးစုံကို စုံစမ်းစစ်ဆေးရာ၏။

 

ဤသို့ စုံစမ်းစစ်ဆေးပြီးလျှင် မျက်နှာမလိုက်ဘဲ တရားကိုစောင့်လျက်၊ တရားလမ်းမှန်အတိုင်း တရားလို တရားခံတို့ကို အရှုံးအနိုင် ဆုံးဖြတ်သော ပညာရှိကို တရားရှိသော တရားသူကြီးဟု ခေါ်၏။” ဟူသည့် ဓမ္မပဒ ဓမ္မဋ္ဌဝဂ်၊ ဝိန္ဆိယ မဟာမတ္တကို ဆရာတော်အရှင်သေဋ္ဌိလ မြန်မာပြန်ဖွင့်ဆိုမှုကို သတိချပ်ရန်လိုကြောင်းကို တင်ပြလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း