မတ္တရာ ၁၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တွင် ဘာသာရပ်များအလိုက် သင်ထောက်ကူ တီထွင်ဖန်တီးမှုပြပွဲ ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ တိုင်းပညာရေးရုံးမှ ဆရာမကြီး ဒေါ်စိန်စိန်၊ ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဝင်းနှင့် ဦးစိုးတင့်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ကျောင်းသား/သူများ၏ အတန်းလိုက် ဘာသာရပ်များအလိုက် တီထွင်ဖန်တီးထားသော သင်ထောက်ကူများကို လှည့်လည်ကြည့်ရှုကြရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ သင်ထောက်ကူများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
“ဆရာမကြီးက သင်ထောက်ကူပြခန်း ထားရှိဖို့အတွက် အတန်းလိုက် ဘာသာရပ်အလိုက် ပြိုင်ပွဲလေး ပြုလုပ်ပေးလိုက်တာပါ၊ အခုပြပွဲပြိုင်ပွဲက သင်ထောက်ကူပစ္စည်းတွေကို သီးသန့်အခန်းမှာ ထားရှိသွားမှာဖြစ်ပြီး သင်ထောက်ကူတွေနဲ့ သင်ကြားပေးသွားမှာပါ၊ ဆုများလည်း ပေးအပ်ချီးမြှင့်သွားမှာပါ” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးကေသီကျော်မှ ပြောသည်။
ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ တီထွင်ဖန်တီးထားသော သင်ထောက်ကူများကို လက်တွေ့ပြသခဲ့ပြီး ကျောင်းသားတစ်ဦး တီထွင်ထားသည့် ရေငုပ်သင်္ဘော စမ်းသပ်မောင်းနှင်ပြသခဲ့ရာ တက်ရောက်လာသူများမှ ကြိုက်နှစ်သက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)