မန္တလေး၊ ၁၁ ဒီဇင်ဘာ

၂၀၂၁ ခုနှစ် ပဲရာသီအကြိုတွင် မတ္တရာဒေသမှ အစောဆုံးထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား ပဲလွန်းဖြူ အသစ်များ မန္တလေးပဲစျေးကွက်သို့ အဖွင့်စျေးအကောင်းဖြင့် ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ဝင်ရောက်လာသည်။

 

အဆိုပါ ပဲလွန်းဖြူအသစ်များမှာ ယမန်နှစ် ထွက်ရှိချိန်ထက် တစ်ပတ်ခန့်စော၍ ထွက်ရှိလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် စတင်ထွက်ရှိသည့်ရာသီတွင် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ပေါက်စျေးဖြင့် အဖွင့်စျေး စခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၁၅၀၀၀၀ နှုန်းထိ စျေးမြင့်တက်ကာ အဖွင့်စျေး ကောင်းမွန်လျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောပြသည်။

 

ဒီပဲလွန်းဖြူအသစ်က နှစ်စဉ် နတ်တော်လဆန်းမှာ ပုံမှန်ထွက်ရှိလို့ နတ်တော်ပဲလို့ ခေါ်ကြပေမယ့် ဒီနှစ်မှာတော့ ပုံမှန်ထွက်ရှိချိန်ထက် တစ်ပတ်လောက်စောပြီး ထွက်လာတာပါ။ ပဲရာသီရဲ့ နှစ်အစမှာ စျေးကွက်ကို အစောဆုံး ဝင်ရောက်လာတဲ့အပြင် စိုက်ပျိုးသူတောင်သူတွေ အတွက်လည်း နှစ်စဉ် စျေးကောင်းရပြီး ရွှေဝယ်နိုင်ကြတဲ့အတွက် ကျောက်ဆည်နယ်ဘက်က ကျေးရွာတွေမှာ ဒီပဲကို ဝိန့်စိန်ပဲ လို့တောင်ခေါ်ကြတယ်။ ပြည်တွင်းစားသုံးမှု မရှိသလောက်နည်းပါးပြီး အန္ဒိယ၊ တရုတ်နဲ့ ဥရောပနိုင်ငံ တွေကို အဓိက တင်ပို့ရောင်းချရတာပါ ဟု ၎င်းက ပြောပြသည်။

 

ပဲလွန်းဖြူကို ဧရာဝတီ၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ မြစ်ရေဝင်ရောက်သည့် ဒေသများတွင် မြစ်ရေကျချိန် မြေနုကျွန်းများပေါ်၌ တော်သလင်းလမှ စတင်စိုက်ပျိုးကြသည်။ ကျောက်ဆည်၊ မတ္တရာ၊ စဉ့်ကူး၊ မုံရွာ၊ ပခုက္ကူ၊ စလင်းနှင့် ဆင်ဖြူကျွန်းမြို့နယ်များမှ အများဆုံးထွက်ရှိကာ မြန်မာနိုင်ငံအောက်ပိုင်းရှိ ဟင်္သာတ၊ ဇလွန်၊ ခရမ်းသုံးခွမြို့နယ် များတွင်လည်း အထူးစိုက်ပျိုးထွက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)