မတ္တရာ သြဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ အလှူရှင်များစုပေါင်းလှူဒါန်းသော အခြေခံစားကုန်များအား အိမ်ထောင်စု ၃၆၀ စုသို့ ယနေ့ နံနက်ပိုင်းက မျှဝေခြင်းအစီအစဉ်ဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)မှ အသင်းသားများ၊ ထာဝရမေတ္တာရှင် သွေးလှူရှင်အသင်းမှ အသင်းသားများနှင့် အမျိုးသမီးကာယအဖွဲ့ဝင်များမှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ အမှတ်(၁) ရပ်ကွက်မှ အိမ်ထောင်စု ၅၀ စု၊ အမှတ် (၂)ရပ်ကွက်မှ အိမ်ထောင်စု ၁၅၀ စု၊ အမှတ်(၃) ရပ်ကွက်မှ အိမ်ထောင်စု ၅၀ စု၊ အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု ၅၀ စု၊ အမှတ်(၅) ရပ်ကွက်မှ အိမ်ထောင်စု ၆၀ စုစုပေါင်း အိမ်ထောင်စု ၃၆၀ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ကုလားပဲ ၃၅ ကျပ်သား၊ ကြက်ဥ ၇ လုံးစီတို့အား မျှဝေပေးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့ပေါ်တွင် ရပ်ကွက် ၅ ရပ်ကွက်ရှိပြီး ကျေးရွာအချို့မှ အိမ်ထောင်စုများကိုလည်း ဆက်လက်မျှဝေ လှူဒါန်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မျှဝေခြင်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သူ တစ်ဦးထံမှ သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


