မတ္တရာ ၂၅ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော စလေကျေးရွာအုပ်စု စျေးဟောင်းကျေးရွာ၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးနှင့် ဦးမင်းမင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချစ်ကို၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မန်နေဂျာဦးခင်ဇော်နှင့် ကျေးရွာတာဝန်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ လျှပ်စစ်နှင့်ပတ်သက်၍ သိကောင်းစရာများကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်ဇော်မှ ကျေးရွာမီးလင်းရေး ကော်မတီများထံသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပြီး အငယ်တန်းအင်ဂျင်နီယာ ဦးသော်ဇင်ဦးမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောကာ ကျေးရွာမီးလင်းရေး ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရွာက ဆည်တော်ကြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အနီးမှာရှိပေမယ့် လျှပ်စစ်မီး မသုံးစွဲခဲ့ရပါဘူး။ အခု ကျွန်တော်တို့ လိုလားနေတဲ့ လျှပ်စစ်မီးရရှိပြီး ကျေးရွာမှာနေထိုင်သူအားလုံး လျှပ်စစ်မီးလင်းနိုင်ပြီဆိုတော့ အတိုင်းမသိ ဝမ်းသာရပါတယ်”ဟု ကျေးရွာမီးလင်းရေးကော်မတီဝင် တစ်ဦးမှ ပြောသည်။
ယနေ့ဖွင့်လှစ်ခဲ့သည့် ကျေးရွာတွင် (၁၆၀) ကေဗွီအေ ထရန်စဖော်မာနှင့် ၃၃/၀.၄ ကေဗွီ/ကေဗွီအေအား ခွင့်ပြုငွေ ကျပ်သန်း ၁၃.၈၂၄ အကုန်ကျခံ၍ ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း အိမ်ခြေ ၁၂၅ အိမ်တွင် ၉၁ အိမ် မီးလင်းပြီဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)