မတ္တရာ၊ ၉ ဇန်နဝါရီ
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာတွင် နွားမွေးမြူရေးလုပ်ကိုင်သူတစ်ဦး၏ နွားများ အား အငှားကျောင်းသော အမျိုးသမီးတစ်ဦးမှာ ဇန်နဝါရီ ၈ ရက်နေ့ ည ၈ နာရီခွဲ အချိန်က ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာနေ နွားမွေးမြူရေးလုပ်ကိုင်သူ၏ အငှားနွားကျောင်းသည့် တစ်ရွာတည်းနေ ဒေါ်ထူး (၅၄)နှစ်နှင့်အတူ ကျောင်းသူ(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးတို့သည် နွားများကျောင်းရန် ထွက်ခွာသွားခဲ့ပြီး ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ကလေးငယ်(၂) ဦးမှာ နွားများနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ဒေါ်ထူးမှာ နောက်မှလိုက်လာမည်ဟုပြောပြီး ပြန်လည်ရောက်ရှိ လာခြင်း မရှိသဖြင့် ဖုန်းဖြင့်ဆက်သွယ်ခေါ်ယူရာ ဖုန်းခေါ်ဆို၍ မရသောကြောင့် နွားမွေးမြူရေးလုပ်ငန်းရှင်နှစ်ဦး သည် နွားကျောင်းသည့်ကလေးငယ်တို့နှင့်အတူ လိုက်လံရှာဖွေခဲ့သည်။
ယင်းသို့ရှာဖွေရာ ဆည်တော်ကြီးကျေးရွာမြောက်ဘက် (၁)မိုင် ခန့်အကွာ၊ သင်္ချိုင်းအနီး ချုံတောအတွင်း ဒေါ်ထူးအား မှောက်လျက်အနေအထားဖြင့် သွေးထွက်ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဆည်တော်ကြီးနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
ဖြစ်စဉ်အရ ဒေါ်ထူးမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဖြစ်စဉ်ကို ဆည်တော်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)