မတ္တရာ ၁၅ ဧပြီ
မဟာသင်္ကြန်ကာလအတွင်း ဆည်တော်ကြီးရေလွှဲဆည်တွင် လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေလွှဲဆည်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးကျေးရွာအနီးရှိ ဆည်တော်ကြီးရေလှောင်တမံမှ ထုတ်လွှတ်သော ဆည်ရေများကို လွှဲပေးသောနေရာဖြစ်ပြီး ရေများကျော်ကျနေသည့်နေရာတွင် ရေကစားကြသူများ ရေကူးကြသူများ၊ အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိရာ လည်ပတ်သူများကို အမှီပြု၍ လာရောက်ဈေးရောင်းချကြသူများမှာလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရေကစားသူများ အေးချမ်းစွာကစားနိုင်ရေးအတွက် ဆည်တော်ကြီးနယ်မြေစခန်းရှိ တာဝန်ရှိသူများမှ ရေလွှဲဆည်သွားရာ လမ်းဆုံမှနေ၍ ယာဉ်များနှင့် ဆိုင်ကယ်များပေါ်တွင် ဒုတ်၊ ဓား လက်နက်များ မပါရှိစေရေးအတွက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီး လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။ နှစ်စဉ် သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)