မတ္တရာ  ၃၁ မေ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မတ္တရာမြို့နယ် အမှတ်(၄၃) စက်မှုလယ်ယာ စခန်းတွင်  ရာသီဉတုကြောင့် အခြောက်ခံရန် ခက်ခဲသောတောင်သူများ၏ စပါးများအား  စပါးအခြောက်ခံစက်ဖြင့် ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဒီစပါးအခြောက်ခံစက်ကြီးကို စတင်တည်ဆောက်ခဲ့ပါ တယ်။ မိုးရာသီနှင့် တခြား ရာသီဉတုဖောက်ပြန်ချိန်တွေမှာ တောင်သူလယ်သမားများ၏ စပါးများနေမလှန်းနိုင်တဲ့အခါမှာ တိုက်ရိုက်အခြောက်ခံစနစ်နဲ့ အခြောက်ခံပေးနိုင်မှာ ဖြစ်ပါတယ် ။ ဒီစက်ကြီးနဲ့ စပါးအခြောက်ခံခြင်းကို ဆောင်ရွက်နိုင်ပြီ ဖြစ်တဲ့အတွက် တောင်သူ များမှာ စပါးတလင်းပြု လုပ်ပြီး နေလှန်းရတဲ့အခက်အခဲ၊ ရာသီဉတု အခြေအနေများကြောင့် လေလွင့်ဆုံးရှုံးခြင်းများ၊ လုပ်အားနှင့် ငွေကြေး ကုန်ကျမှုများမှ သက်သာ စေမှာဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ စပါးကို ကြိတ်ခွဲတဲ့အခါမှာလည်း ဆန်အရည်သွေးက ပိုမိုကောင်းမွန်တာကြောင်း တောင်သူများအတွက် အကျိုးများစွာဖြစ်ထွန်းစေ မှာဖြစ်ပါ တယ်။ စပါးအခြောက်ခံ စက်အပြင်၊ လယ်ယာလုပ်ငန်းခွင်တွင် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းပေးတဲ့ ဝန်ဆောင်မှု တွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်ဟုစက်မှုလယ်ယာ ဦးစီးဌာန၊ မြို့နယ်ဦးစီး ဌာနမှူး ဦးအောင်ကျော်မိုးမှ ပြောသည်။

 

အဆိုပါ စပါးအခြောက်ခံစက်သည် တစ်ကြိမ်လျင် တင်း(၅၀ဝ)အခြောက်ခံနိုင်ပြီး စပါး၏ အစိုဓာတ်ပေါ် မူတည်၍ အခြောက်ခံချိန်ပျှမ်းမျှ ၇ နာရီသာ ကြာမြင့်ကြောင်း သိရသည်။ တောင်သူများ အနေဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်လိုပါက စက်မှုလယ်ယာ ဉီးစီးဌာန ဝ၉-၄၀ဝ၄၀၇၇၉၂၊ ဝ၉ -၇၉၇၃၀၉၃၂၀၊ ဝ၉-၇၉၂၃၂၆၇၉၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)