မတ္တရာ၊ ၂၄ ဇန်နဝါရီ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ၊ ကျေးရွာလူထုထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သော မတ္တရာမြို့နယ်မှ ဆည်တော်လေးကျေးရွာ၊ တံတားဖြူကျေးရွာ၊ အုတ်ဖိုကြီးကျေးရွာ၊ အုတ်ဖိုလေး ကျေးရွာ၊ အုတ်ဖိုလေးရွာသစ်ကျေးရွာနှင့် မဟာမြိုင်ကျေးရွာတို့၏ စုပေါင်းလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မဟာမြိုင်ကျေးရွာ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ကျင်းပသည်။

 

ရှေးဦးစွာ အခမ်းအနားကို ကျေးရွာထရန်စဖော်မာရှေ့တွင် ကျင်းပရာ အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး၊ မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ ပြင်ဦးလွင်ခရိုင် လျှပ်စစ်မန်နေဂျာ ဦးမြသောင်း၊ မတ္တရာမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်နှင့် ကျေးရွာတာဝန်ရှိများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ လျှပ်စစ်မီးအား မီးခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးမှ လျှပ်စစ်ဓာတ်အားလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မီးရရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြင်ဦးလွင်ခရိုင် လျှပ်စစ်မန်နေဂျာ ဦးမြသောင်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်မှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များအား ကျေးရွာမီးလင်းရေးကော်မတီသို့ ပေးအပ်ပြီး ကျေးရွာမီးလင်းရေးကော်မတီ ဉက္ကဋ္ဌ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ယနေ့ မီးဖွင့်လှစ်ခဲ့သော ကျေးရွာ(၆)ရွာ အပါအဝင် မြွေသစ်တောရုံး၊ မြွေတဲအုပ်၊ မြွေပုသိမ်၊ ဝန်စု၊ ဝန်စုရွာသစ်၊ သပြေချောင်၊ စစ်ကုန်း၊ အေးသာယာ၊ ဖြည့်ပုံ၊ ကောက်ရိုးပုံ၊ မြွေပုံကန်(အရှေ့)၊ မြွေပုံကန်(တောင်)၊ မြွေပုံကန်(မြောက်)နှင့် မြွေကူးတို့ဆိပ်ကျေးရွာ စုစုပေါင်း ကျေးရွာ(၂၀) တစ်ပြိုင်နက်မီးလင်းခဲ့ပြီဖြစ်သည်။ လျှပ်စစ်မီးလင်းခဲ့သော ကျေးရွာများ၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးရွာသို့ လျှပ်စစ်ထရန်စဖော်မာ ထားရှိပြီးသည်အထိ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတွင်း မီးသွယ်တန်းခြင်းများကို ကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ္တရာမြို့နယ်တွင် လျှပ်စစ်မီးရရှိမှုမှာ တစ်မြို့နယ်လုံး အနေဖြင့် ၈၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိနေပြီး မီးမရရှိသေးသော ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)