မတ္တရာ၊ ၂ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု ပြည်သာအေး ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ၊ ကျေးရွာလူထုထည့် ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သော  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ မတ္တရာမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်နှင့် ကျေးရွာတာဝန်ရှိများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်က လျှပ်စစ်မီးအား မီးခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်က လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ပြောကြားခဲ့ပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို  ကျေးရွာမီးလင်းရေး ကော်မတီသို့ ပေးအပ်သည်။ ဆက်လက်၍ ကျေးရွာမီးလင်းရေးအတွက် အလှူငွေထည့်ဝင်ခဲ့သူများ၊ ထရန်စဖော်မာထားရှိရန် မြေနေရာ လှူဒါန်းခဲ့သူများနှင့် ကျေးရွာမီးလင်းရေးအတွက် ပါဝင်ခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ 

ပြည်သာအေးကျေးရွာသည် မတ္တရာမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၈၈ အုပ်စု၊ ကျေးရွာပေါင်း ၂၈၆ ရွာ ရှိသည့်အနက် ၂၃၂ ရွာမြောက် လျှပ်စစ်မီးရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကျေးရွာ၌ အိမ်ခြေ ၇၅ အိမ်ရှိကာ ၆၅ အိမ်မှာ လျှပ်စစ်မီးလင်းနေပြီဖြစ်ပြီး ကျန်ရှိသောနေအိမ်များ လျှပ်စစ်မီး ရရှိရေးအတွက်  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)