မတ္တရာ၊ ၈ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သံကျွန်းရွာအရှေ့ဘက်ရှိ ဧရာဝတီမြစ်အတွင်း၌ စက်လှေဖြင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးသူများကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်းဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးမှုပပျောက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်သက်ထွန်း၊ မတ္တရာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းသန့်၊ မန္တလေးတိုင်းဒေသကြီး သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ အဖွဲ့ဝင် ဦးကျော်လှသိန်း၊ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သိန်းနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့သည် မြစ်အတွင်း ကွင်းဆင်းဆောင်ရွက်စဉ် မတ္တရာမြို့နယ် သဲကျွန်းကျေးရွာ၏ အရှေ့ဘက် ဧရာဝတီမြစ်အတွင်းတွင် စက်လှေဖြင့် ဘက်ထရီရှော့တိုက် ငါးဖမ်းနေသူများဖြစ်သော ဦးဖြူဝင်း (၅၃ နှစ်)၊ မောင်ပိန်(၃၀ နှစ်) နှင့် ဒေါ်ဝိုင်းကြည်(၅၀ နှစ်) မတ္တရာမြို့နယ်နေသူတို့(၃)ဦးအား တွေ့ရှိရသဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသော သက်သေခံပစ္စည်းမျာကို သိမ်းဆည်း၍ စက်လှေဖြင့် ဘက်ထရီရှော့တိုက် ငါးဖမ်းသူ ဦးဖြူဝင်း၊ မောင်ပိန်နှင့် ဒေါ်ဝိုင်းကြည်တို့အား မတ္တရာမြို့မစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)