မတ္တရာ ၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ထာဝရမေတ္တာရှင် သွေးလှူရှင် အသင်း၌ အသုံးပြုနိုင်ရန်အတွက် မော်တော်ယာဉ်တစ်စီးအား မတ္တရာမြို့ ဒေါက်တာသန်းဦး+ဒေါ်သက်သက်မွန် ချစ်ဉီးမွန် အထူးကုဆေးခန်း မိသားစုမှ ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ထာဝရမေတ္တာရှင် သွေးလှူအသင်းကို ၂၀၁၆ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး အသင်းသား(၃၀)ဦး အသင်း၊ သွေးအလှူရှင် (၇၀ဝ)ဦးနှင့် လည်ပတ်လျက်ရှိသည်။ “ဦးဇင်းတို့သွေးလှူအသင်းကနေပြီး မတ္တရာပြည်သူ့ ဆေးရုံနဲ့ မြို့ပေါ်ရှိဆေးခန်းတွေမှာ လိုအပ်တဲ့သွေးတွေကို တိုက်ရိုက်လှူဒါန်းပြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ခုတင် ၅၅၀ ကလေးဆေးရုံအပါအဝင် အခြားဆေးရုံများမှာလည်း လိုအပ်တဲ့ သွေးအမျိုးအစားတွေကို တိုက်ရိုက်လှူဒါန်းပေးပါတယ်၊ အပတ်စဉ်ဆောင်ရွက်မှုနေနဲ့ကတော့ စနေနေ့တိုင်း မြို့တွင်းမှာ အသင်းသားတွေ အလှူခံထွက်ပါတယ်။ ဉပုသ်နေ့တိုင်းမှာ ပြည်သူ့ဆေးရုံ၌ ကြက်သားဆန်ပြုတ်နဲ့ သောက်ရေသန့်တွေကို လှူဒါန်းလျက်ရှိပြီး ယနေ့ အထိ သွေးအလုံးရေ ၂၀ဝ၀ကျော် လှူဒါန်းခဲ့ပြီး ယခင်ကတော့ မန္တလေးကို သွေးလှူသွားတဲ့အခါ ဆိုင်ကယ်နဲ့ပဲသွားရပါတယ် အခုလို မော်တော်ယာဉ်လှူဒါန်းပေးတော့ အများကြီး အဆင်ပြေသွားပါပြီ မော်တော်ယာဉ် လှူဒါန်းပေးတဲ့ အလှူရှင် မိသားစုကိုလည်း အထူးပင် ကျေးဇူတင်ရှိကြောင်း” ထာဝရမေတ္တာရှင်သွေးအလှူရှင်အသင်း ဦးစီးနာယကဆရာတော် အရှင် ဝိစက္ခဏ မှ မိန့်ကြားခဲ့သည်။
အဆိုပါ မော်တော်ယာဉ် လှူဒါန်းပေးအပ်ပွဲ ထာဝရမေတ္တာရှင်သွေးလှူအသင်းရုံးတွင် အလှူရှင်မိသားစုမှ ရေစက်ချလှူဒါန်းပေးခဲ့ပြီး သွေးလှူအသင်းမှ အလှူရှင်မိသားစုထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးခဲ့သည်။ သွေးလှူအသင်းသည် နှစ်စဉ် နှစ်ပတ်လည်နေ့များတွင် တရားပွဲများကျင်းပခဲ့ပြီး နှစ်ပတ်လည်အလှူခံရရှိတဲ့ အလှူငွေတွေကို နှစ်စဉ် ပုဂံညောင်ဦးမြို့ရှ ိမိဘမဲ့ အခမဲ့ပညာဒါနကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ပြီး ယခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ဇောထိကျေးရွာရှိ အရိန္ဒမ မိဘမဲ့ အခမဲ့ပညာဒါနကျောင်းတွင် လိုအပ်လျက်ရှိသော ၅ခန်း ၃ခန်း အဆောက်အဉီး တစ်လုံးအား သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


