မတ္တရာ ၃ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ တောင်ပြုံးဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 5MVA ထရန်စဖော်မာအား 10MVA ထရန်စဖော်မာသို့ လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ပြုံးခွဲရုံရှိ 5MVA ထရန်စဖော်မာသည် ကျေးရွာပေါင်း ၃၀ ရှိ ထရန်စဖော်မာ ၅၃ လုံးအား ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသော ထရန်စဖော်မာဖြစ်ပြီး လက်ရှိအချိန်တွင် ဝန်အားပြည့်လုနီးပါး အခြေအနေသို့ ရောက်နေကြောင်း၊ ယခုအခါ မတ္တရာမြို့နယ် အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရန်အသင့် ဖြစ်နေသည့် ကျေးရွာ (၁၈)ရွာသို့ ထပ်မံဓာတ်အား ဖြန့်ဖြူးရန် ဝန်အားနိုင်နင်း မှုရှိသောကြောင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လက်ရှိသုံးစွဲနေသူများနှင့် ထပ်မံတိုးချဲ့တပ်ဆင်လာမည့် မီးသုံးစွဲသူများ ဝန်အားပြည့် လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် တောင်ပြုံးဓာတ်အားခွဲရုံရှိ(၃၃/၁၁)ကေဗွီ(၅)အမ်ဗွီအေ ထရန်စဖော်မာ အား(၁၀)အမ်ဗွီအေ ထရန်စဖော်မာသို့ အမြန်ဆုံးတိုးမြှင့်လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
ထိုသို့ (၃၃/၁၁)ကေဗွီ(၅)အမ်ဗွီအေ ထရန်စဖော်မာအား(၁၀)အမ်ဗွီအေ ထရန်စဖော်မာသို့ လဲလှယ်ရာသို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)မှ ဒု-အထွေထွေ မန်နေဂျာ (အင်/ယာ)ဦးရဲဝဏ္ဏနှင့် ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ မန်နေဂျာ(အင်/ယာ) ဦးငြိမ်းချမ်းကျော်တို့မှ အနီးကပ်ကြီးကြပ်၍ မတ္တရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်း များ၊တောင်ပြုံးဓာတ်အားခွဲရုံမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ရာ ညနေ ၆နာရီ ၂၅မိနစ် အချိန်တွင် ဓာတ်အားစတင် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


