မတ္တရာ ဒီဇင်ဘာ ၂၂
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(မတ္တရာ)တွင် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲအဖြစ် မြို့နယ်အဆင့်နှင့် ကျောင်းတွင်းအဆင့် နှစ်မျိုးခွဲ၍ ကျင်းပခဲ့ပြီး တာတိုအပြေးပြိုင်ပွဲအဖြစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် တို့ကို ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ထို့အတူ အခြား အခြေခံပညာကျောင်းများတွင်လည်း ကျောင်းတွင်း အားကစားပြိုင်ပွဲများအဖြစ် အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ဇွန်းကိုက်၊ အိတ်စွပ်ပြေးပြိုင်ပွဲတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)