မတ္တရာ ၁၁ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သပြေပင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရင်ခွင်မဲ့လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် Women Club တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူမြင့်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်ရင်ခွင်မဲ့လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဦးမှ သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေရေး၊ Women Club အသင်းဉက္ကဋ္ဌ ဒေါ်ခင်မျိုးဝင်းမှ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ နေထိုင်စားသောက်ရေး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သင်းသင်းဆွေမှ ရက်လွန်အစားအစာများ၊ ခွင့်မပြုဓာတုဆေးဝါးများ သုံးစွဲထားသော အစားအစာများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် Women Club အဖွဲ့ဝင်များမှ ကလေးငယ်များအား အချိုရည်နှင့် မုန့်များကျွေးမွေးခဲ့ကြပြီး ဆက်လက်၍ စာအုပ်ပြပွဲကို ကျင်းပရာ ကလေးများမှ စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေ(မတ္တရာ)


