မတ္တရာ  ၂၈  နိုဝင်ဘာ

 

တိုင်းရင်းကြက်မွေးမြူရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀နာရီက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူး ဒေါက်တာမောင်မောင်စိုးမှ တိုင်းရင်းကြက် မွေးမြူရေး သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းတွင် တိုင်းရင်းကြက်မျိုးများ ထိန်းသိမ်းနည်း၊ မျိုးကြက်များ ရွေးချယ်ခြင်း၊ ခန္ဓာဗေဒဖွဲ့စည်းပုံ၊ ဇီဝကမ္မဖြစ်စဉ်များ၊ ကြက်မွေးမြူရေးရုံ ပြင်ဆင်ခြင်း၊ ကြက်ငယ်အနွေးပေးခြင်း၊ သောက်ရေနှင့် အစာအာဟာရများ အကြောင်း၊ ရောဂါများ၊ စီးပွားဖြစ်မွေးမြူထားသော တိရစာ္ဆန်များအား အုပ်စုလိုက် ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းမှု ဆောင်ရွက်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချခြင်း၊ မှတ်တမ်းများထားရှိရေးတို့ကို သင်ကြားပေးမည် ဖြစ်သည်။

 

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်နေ့ထိ ပို့ချသွားမည်ဖြစ်ပြီး မတ္တရာမြို့နယ် ဆင်ရွာသစ်ကျေးရွာနှင့် ကိုင်းကြီးကျေးရွာတို့မှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

 

စိုးကျော်သူထွေး(မတ္တရာ)