မတ္တရာ ၁ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော သပြေအိုက်ကျေးရွာ၊ ဖြည့်ပုံရွာသစ်ကျေးရွာ၊ မြကန်ကျေးရွာနှင့် ဂွေးပင်ကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကို ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးလင်းရေးဖွင့်ပွဲများတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ မြို့နယ်လျှပ်စစ် မန်နေဂျာဦးခင်ဇော်၊ ကျေးရွာများမှ တာဝန်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လျှပ်စစ်မန်နေဂျာမှ ကျေးရွာမီးလင်းရေးကော်မတီများထံသို့ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ရာ ကျေးရွာမီးလင်းရေး ကော်မတီဝင်များမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ အဆိုပါ ကျေးရွာများရှိ အိမ်ခြေ (၄၆၀)တွင် (၁၉၁)အိမ် မီးလင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)