မတ္တရာ ၂၄ မေ
ငါးရစ်ငါးသန်ကာလတွင် ငါး၊ ပုစွန်များ မဖမ်းဆီးရေးနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပြီး အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၇ နာရီက မြွေဟင်္သာကျေးရွာနှင့် မြွေတလိုင်းကျေးရွာများရှိ ကူတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေချိုငါးလုပ်ငန်းရေပြင်တွင် ငါးမျိုးမပြုန်းတီးစေဘဲ ငါးသယံဇာတပေါများစေရန် အတွက် ငါးရစ်ငါးသန်ရာသီချိန်ဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ငါးများဖမ်းဆီးခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားပြီး တားမြစ်ချက်အား မလိုက်နာပါက မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခြင်း၊ ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဧရာဝတီမြစ်အတွင်း ငါးရစ်ငါးသန်ထိန်းသိမ်း ကာကွယ်ခြင်းဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးခြင်းလုပ်ငန်းများနှင့် ကင်းလှည့်စောင့်ကြည့်ခြင်းလုပ်ငန်းများကို မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဇော်ခိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအခြေပြု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့နှင့် မြေစွန်း မြစိမ်းရောင် (ငါးကဏ္ဍ)စီမံကိန်း ကော်မတီဝင်တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


